မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မန္တလေး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းပိုင်း စစ်အုပ်စု ပြန်ထိန်းချုပ်၊

ထင်လင်း/MFP၊ ဇန်နဝါရီ – ၁

မန္တလေးမြို့ကနေ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့တွေဆီ ဆက်သွယ်ထားတဲ့ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းပိုင်းကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်ရက်မှာ ပြန်လည် ထိန်းချုပ်နိုင်ပြီး အများပြည်သူ ဖြတ်သန်းသွားလာလို့ရအောင် မကြာခင် လမ်းပိုင်းကို ပြန်ဖွင့်ပေးတော့မယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စစ်ရှုံးကာ မန္တလေး – မိုးကုတ် ကားလမ်းပေါ် ခြေချခွင့်မရတဲ့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေက ငလျင်ပြန်လည်ထူထောင်ရေးအတွက် အပစ်အခတ် ရပ်စဲတာကို အခွင့်ကောင်းယူပြီး တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်လည် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မန္တလေး – မိုးကုတ်လမ်း ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးကနေ မတ္တရာနဲ့ စဉ့်ကူးဘက် ဦးတည်ကာ စစ်ကြောင်းထိုးသလို သပိတ်ကျင်းနယ်ရှိ နောက်ဆုံးလက်ကျန် စစ်စခန်းတွေကနေ စဉ့်ကူးနယ်ဆီ ဦးတည်ကာ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ရက်က စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ လိပ်ကျနဲ့ ချောင်းကြီးကျေးရွာတွေကို စစ်အုပ်စု ပြန်ရသွားပြီးနောက် အဲ့ဒီ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု ပေါင်းဆုံသွားကာ ဒီဇင်ဘာ ၃၁ရက်မှာ လမ်းပိုင်းတစ်ခုလုံးကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်တာ ဖြစ်မယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေး – မိုးကုတ်လမ်းနဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့ ပြန်ရရေး စစ်အုပ်စုရဲ့ ထိုးစစ်အတွင်း မိုးကုတ်မြို့ကို တရုတ်အားကိုးနဲ့ ပြန်ရခဲ့သလို ကျန်တဲ့ စစ်ရှုံးမြို့ရွာတွေကို လေကြောင်းအားကိုး၊ တရုတ်နဲ့ ရှရှားက ထောက်ပံ့တဲ့ ဒရုန်းအားကိုး၊ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံ တိုက်ခိုင်းကာ တရစပ် ထိုးစစ်ဆင်ခဲ့တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းတွေကို အဓိက အားပြုကာ မြေပြင်ကနေလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က အထိအခိုက် နည်းအောင် သိမ်းပိုက် နယ်မြေတွေကနေ ပြန်ဆုတ်ခွာပေးလိုက်တာ ဖြစ်တယ်လို့ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ခွေးက အသားကုန်၊ ၁၀၀၀ စစ်ကြောင်းကို ၅၀၀ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးတဲ့ အနေအထား” လို့ ချောင်းကြီးရွာ ပြန်ပါသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် တိုင်းရင်းသား တော်လှန်ရေးတပ်တွေက ရှမ်းမြောက်ဒေသရှိ စစ်နိုင်ထားတဲ့ မြို့ရွာတွေကို စစ်အုပ်စု လက်ထဲ ပြန်လည် လွှဲပြောင်းပေးခဲ့ရသလို အပစ်အခတ် ရပ်စဲပြီးနောက် စစ်အုပ်စုဟာ ရှမ်းမြောက်ဒေသရှိ စစ်အင်အားတချို့ကို မတ္တရာနယ်ထဲ ပို့လွှတ်ကာ ထိုးစစ်ဆင်ခဲ့တယ်လို့လည်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်း မရောက်မီ မြို့၊ရွာတွေအပေါ် ဗုံးပတ်ကြဲ သတ်ဖြတ်သလို မြေပြင် စစ်ကြောင်းကလည်း ဒေသခံပြည်သူကို PDF အဖြစ် စွပ်စွဲ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာ၊ အိမ်မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ထုတာတွေကြောင့် ဒေသခံ ပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ တစ်လတည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ်ရှိ ပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုက မြို့၊ရွာတွေ ပြန်သိမ်းယူထားပေမယ့် ဗုံးကြဲတာ၊ လူသတ်တာ၊ ဖမ်းဆီး ပေါ်တာဆွဲတာတွေ ကျူးလွန်နေဆဲမို့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရဆဲ ဖြစ်ကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက မန္တလေး – မိုးကုတ် လမ်းပိုင်း ပြန်ဖွင့်ပေးမယ်လို့ ဆိုပေမယ့် ပြည်သူတွေ ဖြတ်သန်းသွားလာခွင့် ရဖို့ အချိန်စောင့်ဆိုင်းရဖွယ်ရှိပြီး လက်ရှိမှာတော့ ဧရာဝတီ့မစ် ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက လိုက်လံ ဗုံးကြဲသတ်ဖြတ်တာ၊ မတ္တရာနယ်က စစ်ဘေးရှောင် ပြည်သူတွေကိုပင် စစ်အုပ်စုက ကျေးရွာတွေထဲ ပြန်လည် ဝင်ရောက်နေထိုင်ခွင့် မပေးသေးဘဲ ရွာထဲ ပြန်ဝင်လိုသူတွေကို ငွေညှစ်တာ၊ PDF အဖြစ် စွပ်စွဲဖမ်းဆီးတာ၊ ညှဉ်းပန်းသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာနဲ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

မန္တလေး – သပိတ်ကျင်း ကားပိုင်းဟာ မန္တလေး – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

မန္တလေး – သပိတ်ကျင်း – မိုးကုတ် လမ်းပေါ်ရှိ၊ သပိတ်ကျင်းနယ် လိပ်ကျရွာကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button