မကွေးသတင်း

မြိုင်နယ် ညောင်ကုန်းရွာ ထမင်းဆိုင်ကို လေကြောင်းကနေဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်၊

အီသာရမ်/MFP ၊ ဇန်နဝါရီ -၁

မကွေးတိုင်း၊ မြိုင်မြို့နယ်က ညောင်ကုန်းရွာကို ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းမှာ စစ်အုပ်စုက လေကြောင်း‌ကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်လက်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးနေရာမှာတင် သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာက ထမင်းနဲ့ဟင်းရောင်းချနေတဲ့ ဝိုင်းလေးထမင်းဆိုင်ကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်နဲ့ပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပေါင်ဗုံးကြဲပြီးတော့ ပြန်ဝဲပြီး စက်လက်တွေနဲ့လည်း ဆွဲသေးတယ်ဗျ၊ညောင်ကုန်းဆိုင်းဘုတ်ရှေ့မှာပဲဗျ၊ဝိုင်းလေးဆိုတဲ့ ထမင်းဆိုင် အဲဒီဆိုင်ကိုကြဲတာ၊သေဆုံးတာက တစ်ယောက်သေဆုံးတယ်၊ဒဏ်ရာရတာက နှစ်ယောက်ကို သူတို့ နှစ်ယောက်ကလည်း စိုးရိမ်ရတယ်‌”

စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝိုင်းလေးထမင်းဆိုင်က အဆောက်အဦးအားလုံး ပြန်လည်နေထိုင်လို့မရအောင် မီး​လောင်ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။

ညောင်ကုန်းကျေးရွာဟာ မြိုင်မြို့နဲ့ ၈ မိုင်ခန့်အကွာမှာရှိပြီး မြေပြင်တိုက်ပွဲလည်းမရှိသလို စစ်အုပ်စုစစ်ကြောင်းထိုးတာမျိုးလည်း မရှိဘဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဦးတည်ဗုံးကြဲသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်ကလည်း ဘုန်းကြီးကန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button