ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂
အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီတို့ ဒီဇင်ဘာလ ၂၈ ရက်မှာ လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ အစည်းအဝေးမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို NUGအစိုးရရဲ့ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးကျော်နီ အပါအဝင် တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ နှစ်ဖက်တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး (Division of Competency) ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ သဘောတူညီချက်တချို့ရခဲ့ပြီး အဲဒီသဘောတူညီချက်တွေကို NUG အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မန္တလေးဒေသက လွတ်မြောက်နယ်မြေတွေမှာ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခွန်အကောက် မှန်မှန်ကန်ကန်ရရှိဖို့နဲ့ တော်လှန်ရေးအတွက် ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



