ဆိပ်ဖြူမြို့အနီး တိုက်ပွဲတွေမှာ စစ်အုပ်စု ၁၉ ယောက် သုတ်သင်နိုင်ပြီး သုံ့ပန်းနဲ့ လက်နက်တွေ ရ၊
ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးကို စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး၊
ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးကို စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂
မကွေးတိုင်း၊ ဆိပ်ဖြူမြို့၊ သံဇလုံရွာ စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ ဆိပ်ဖြူမြို့အနီး သွားလာနေတဲ့ စစ်ကားတန်းကို ဒီဇင်ဘာ ၂၄ရက်နဲ့ ၃၀ရက်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၉ ယောက် သုတ်သင်နိုင်ပြီး တစ်ယောက် ဖမ်းမိကာ လက်နက်တွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က သတင်း ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၄ရက်က ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု သုံးယောက် သေပြီး ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ရက်မှာလည်း ဆိပ်ဖြူမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စု အင်အား ၃၅ ဦးပါ ကားလေးစီးကို ပခုက္ကူခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု ၁၆ ယောက် စေပြီး တစ်ယောက် ဖမ်းမိတယ်လို့ ဆိုပါတယ်။
“ရန်သူ ၁၆ ဦး သေဆုံး၍ သုံ့ပန်း တစ်ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် နှစ်စင်း ပျက်စီးသွားပြီး လက်နက် ရှစ်လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက် ရရှိခဲ့သည်” လို့ MOD က ဖော်ပြပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီ ၁ရက်မှာလည်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)ရုံး အပါအဝင် စစ်အုပ်စု ထောက်တိုင် ရုံးဌာနတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD က ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူနဲ့ ဆင်ဖြူကျွန်းမြို့ အပါအဝင် မကွေးတိုင်းထဲက စလင်း၊ ပွင့်ဖြူ၊ စလေနဲ့ ချောက်မြို့၊ စုစုပေါင်း မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ဒီဇင်ဘာ ၂၃ရက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ မကွေးတိုင်းစစ်ဌာရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MOD က ထုတ်ပြန်ထားပါတယ်။
“မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက် တိုက်ခိုက်လျက်ရှိ” လို့ MOD က ဆိုပါတယ်။
အဲ့ဒီ မကွေးတိုင်း မြို့ခြောက်မြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်အတွင်း စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တို့အား ဝန်းရံ ပိတ်ဆို့ထားနိုင်ပြီ ဖြစ်တယ်လို့ MOD က ဒီဇင်ဘာ ၂၈ရက် ကတည်းက ထုတ်ပြန်ထားပါတယ်။
ဆင်ဖြူကျွန်းမြို့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လူနေရပ်ကွက်ထဲ လက်နက်ကြီး ရမ်းကားပစ်ခတ်လို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာ၊ အိုးအိမ်ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စ်စအုပ်စုရဲ့ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆင်ဖြူကျွန်းနဲ့ စလင်းမြို့က ဒေသခံပြည်သူတွေ ဒီဇင်ဘာ လကုန်ပိုင်းကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
ဆိပ်ဖြူမြို့အနီး တိုက်ပွဲတွေမှာ သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံး အပါအဝင် စစ်အုပ်စု ရုံးတွေကို စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးစဉ်/Photo – MOD
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



