ဝက်လက်မှာ စစ်အုပ်စုက ဒေသခံတွေကို ဖမ်းပြီး အိမ်ထောင်ရှင်တွေ အပါအဝင် အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မကျင့်၊
အဓမ္မကျင့်ထားတဲ့ အမျိုးသမီးတွေကို သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ခဲ့ပြီး အမျိုးသားတွေကို စစ်အုပ်စုက ဆက်လက် ဖမ်းခေါ်သွား၊

အဓမ္မကျင့်ထားတဲ့ အမျိုးသမီးတွေကို သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ခဲ့ပြီး အမျိုးသားတွေကို စစ်အုပ်စုက ဆက်လက် ဖမ်းခေါ်သွား၊
တေဇ/MFP၊ ဇန်နဝါရီ – ၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို ရွာစဉ်ပတ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက တွေ့သမျှ ဒေသခံ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီးနောက် အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ စစ်ကြောင်းပြန်ထွက်ချိန် သန္ဓေ တားဆေးတွေ ထိုးနှံပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ ဝက်လက်နယ် ရှိမ်းမကားရွာထဲက ထွက်လာပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ရွာသစ်၊ အင်ဒေါင်းနဲ့ မင်းရွာတောင် စတဲ့ ကျေးရွာတွေက ဆယ်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဇန်နဝါရီ ၁ရက်ကနေ ၃ရက်အထိ ဝက်လက်နယ်အရှေ့ခြမ်း ရွာသစ်ရွာထဲ ယာယီ စခန်းချ ခဲ့ပြီး ဖမ်းမိထားသူတွေထဲက အမျိုးသမီး ငါးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ရွာသစ်ရွာမှာ ခွေးတွေက နှစ်ညအိပ်၊ သုံးရက်နားတယ်။ အဲ့ဒီမှာ ပြည်သူတချို့ ဖမ်းမိသွားတယ်။ ဖမ်းမိတဲ့ ပြည်သူတွေထဲက အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မ ကျင့်ပြီးတော့ သူတို့ပြန်ထွက်တဲ့အချိန် ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်။ သူတို့ စခန်းချတဲ့ အိမ်တွေကိုလည်း မီးရှို့သွားတယ်။ အမျိုးသား ခြောက်ယောက်ကတော့ မလွတ်ဘူး၊ ဆက်ပြီး ဖမ်းခေါ်သွားတယ်”
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး ငါးဦး ဖြစ်တယ်လို့ ကနဦး သိရပြီး အဲ့ဒီအထဲမှာ ဉာဏ်ရည်မပြည့်မီသူ အမျိုးသမီး တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“အားလုံးက သက်လတ်ပိုင်းအရွယ်တွေပါ” လို့ အထက်ပါ ဒေသခံက ပြောပြီး ကျူးလွန်ခံရသူ အမျိုးသမီးတွေ အနေနဲ့ သူတို့ ကျူးလွန်ခံရတာတွေကို ထုတ်ဖော်ပြာဆိုဖို့ ကြောက်ရွံ့၊ ရှက်ရွံ့ နေကြတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃ရက် မနေ့က ညနေပိုင်းမှာတော့ စစ်အုပ်စုဟာ အဓမ္မပြုကျင့်ထားတဲ့ အမျိုးသမီးတွေကို သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ပေးပြီး အမျိုးသား ခြောက်ဦးကို ဆက်လက် ဖမ်းခေါ်သွားကာ ရွာသစ်ရွာထဲက ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ရွာသစ်ရွာထဲက ပြန်ထွက်အချိန် သူတို့ စခန်းချခဲ့တဲ့ နေအိမ်လေးလုံး အပါအဝင် မီးဖိုချောင်နဲ့ နွားစာတဲတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မြောက်ဘက်ကို ဆက်လက် ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network က ဖော်ပြပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဒီကနေ့ ဇန်နဝါရီ ၄ရက်မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာနဲ့ မှော်ဦးရွာ ခေါ် နတ်မော်ဦးရွာထဲ ရောက်နေတယ်လို့ ဆိုပါတယ်။
ဝက်လက်နယ်ခံ အမျိုးသမီးတွေကို စစ်အုပ်စုက အုပ်စုဖွဲ့ အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ၊ လူသားစာနာ တာဝန်ခံ အမျိုးသမီးကို MFP က ဆက်သွယ်မေးမြန်းခဲ့ရာ အဲ့ဒီ အခင်းဖြစ်ပွားတဲ့ ဝက်လက်နယ် အရှေ့ခြမ်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ရှိနေဆဲဖြစ်ပြီး ဖုန်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ စစ်ကြောင်းထိုးချိန် ဖမ်းမိတဲ့ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်လေ့ရှိပေမယ့် ကျူးလွန်ခံရသူ အမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုတာ၊ တိုင်ကြားတာမျိုး ပြုလုပ်ပါက ရပ်ရွာထဲ ပိုမိုအရှက်ရစေနိုင်တာကြောင့် ထုတ်မပြောဘဲ ရေငုံနှုတ်ပိတ် နေလေ့ရှိတယ်လို့ ဝက်လက်မြို့နယ် လူသားစာနာ တာဝန်ခံ အမျိုးသမီးက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လက ဝက်လက်မြို့နယ်၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်ရှိ ကျီးကန်မြောက်ရွာကို စီးနင်းတဲ့ စစ်အုပ်စုက အသက် ၂၀ အရွယ် ကိုယ်ဝန်သုံးလဆောင်ထားရသူ မနှင်းဆီ (အမည်လွှဲ)ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီးနောက် လိင်အင်္ဂါထဲ အချိုရည်ဗူးတွေ ထိုးထည့်ကာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ကိုတော့ မှတ်တမ်းတင်ထားတယ်လို့ ဝက်လက်မြို့နယ် လူသားစာနာ တာဝန်ခံက ဆက်ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲ အထက်ပါအတိုင်း အိမ်မီးရှို့၊ လူသတ်၊ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ လက်အောက်ခံ စစ်အုပ်စု၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်နဲ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ ခလရ ၁၂ ခေါ် အမှတ် ၁၂ ခြေလျင်တပ်ရင်းက စစ်အုပ်စုတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာလကတည်းက ဝက်လက်နယ် အရှေ့ခြမ်းနဲ့ အရှေ့မြောက်ခြမ်းကို နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တစ်ဖွဲ့က စစ်ကိုင်း မင်းကွန်းဘက်က လာကာ အင်အား ၁၅၀ ခန့် ရှိပြီး နောက်တစ်ဖွဲ့က ကျောက်မြောင်းမြို့ ခလရ ၁၂ က လာကာ အင်အား ၂၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဝက်လက်နယ်ထဲ နှစ်ဖွဲ့ခွဲပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေလို့ ရွာသစ်၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိမ်းမကား၊ ငါးရယ်၊ ဆည်တော၊ ငါးတိုက်တောင်၊ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ လှေပို့ဆိပ်၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညိတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နယ် ရွာသစ်ရွာကို စစ်အုပ်စုက ဇန်နဝါရီ ၁ရက်ကနေ ၃ရက်အထိ စီးနင်းကာ အိမ်တွေ မီးရှို့ဖျက်ဆီးခဲ့မှုနဲ့ အာဏာသိမ်း စစ်အုပ်စု/Photo – CJ၊ စစ်အုပ်စု
MFP ရဲ့ သတင်းနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



