သတင်း

ဟားခါးက ရွာနှစ်ရွာကို စစ်အုပ်စုဗုံးကြဲတာကြောင့် မိသားစုဝင် သုံးဦးသေဆုံး၊

ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဟောတာရွာနဲ့ဟိုင်ဖိုင်ရွာကို ဒီဇင်ဘာလ ၄ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင်သုံးဦး သေဆုံးကာ ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူကတော့ လည်ပင်းရိုးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ဗုံးစစိုက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဟောတောရွာနဲ့ဟိုင်ဖိုင်ရွာကို လေကြောင်းက ပစ်ခတ်ရာမှာ ဟောတာရွာမှာရှိတဲ့ နေအိမ်တစ်အိမ်ဘေးကို ပေါင် ၃၀၀ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဟောတာရွာက နေအိမ်ဘေးကိုကျတာလို့ သိထားတယ်။ ဒါတောင် တော်တော်ဝေးဝေးကိုကျတာလို့ ပြောတယ်။ အိမ်ကတော့ လုံးဝကိုစုတ်ပြတ်သွားတာပေါ့။ ညအိပ်မောကျချိန်ဆိုတော့ အသံပဲကြားကြတာ။ အဖြစ်အပျက်ကိုတော့ မမြင်လိုက်ကြရဘူး။ နောက်မှလူထိမှန်းသိကြတာ၊ ဗူံးအစထိမှန်ပြီး ဆုံးသွားတဲ့ ကလေးတွေကတော့ ယောက်ကျာ်းလေးတစ်ဦး၊ မိန်းကလေးတစ်ဦးပါ။ မိခင်ကတော့ အသက် ၄၀ ကျော်လို့ သိထားပါတယ်”

သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ MFP အနေနဲ့ အတိအကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုအာဏာသိမ်းတဲ့ ငါးနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ရှိခဲ့ပြီး ပြည်သူ ၄,၄၇၀ သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button