စစ်ကိုင်းသတင်း

ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမဲ့ စစ်အုပ်စုလေကြောင်းကနေ လူနေရပ်ကွက်တွေကို ဆက်တိုက်ဗုံးကြဲနေ၊

ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်အုပ်စုတပ်တို့အကြား ဇန်နဝါရီလ ၃ ရက်ကနေ ဒီနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲငြိမ်သက်နေပေမဲ့ လေကြောင်းကနေ လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းကတည်းက မြို့တောင်ဘက်ကလွဲရင် စေတီကုန်း၊ ခမရ-၃၀၉ တပ်ရင်းနဲ့ မန္တလေး-ကသာလမ်းမတွေမှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။

တစ်ပတ်နီးပါးအကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုတွေမရှိတော့ဘဲ စစ်အုပ်စုတပ်က လေကြောင်းကနေ မြို့ပတ်ပတ်လည်မှာရှိတဲ့ဘူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ကသာ-ဗန်းမော်ကားလမ်းမဘေး၊ ရက်ကွက်-၉ အနီးက ကားကြီးကွင်းကို လေကြောင်းကနေ စစ်အုပ်စုတပ် ဗုံးကြဲခဲ့သလို ဒီနေ့ နေ့လယ် ၂နာရီမှာတော့ ရပ်ကွက် -၈ ကိုဗုံးကြဲတိုက်ခိုက်ရာမှာ နေအိမ်တွေမီးလောင် နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

“ရက်ကွက်-၈ က မီးလောင်နေတာတော့ မြင်ရတယ်။ အခုထိ မငြိမ်းနိုင်သေးပါဘူး။ အကျဉ်းထောင်တို့ ရဲစခန်းတို့က မရသေးပါဘူး။ မြို့တွင်းက အိမ်တွေ ထိတာ၊ မိီးလောင်တာတွေတော့ ရှိပါတယ်။ ဒီနေ့မနက်ပိုင်းတော့ အပစ်အခတ်မရှိကြတော့ မြို့က လူပြန်ထွက်လာတယ်။ ဈေးလေးတွေလည်း ပြန်ရောင်းလာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားစွင့်ပြီး သွားလာနေကြရတာပါ။ မြို့ကတော့ လုံးဝပိတ်ထားပါတယ်။ အပြင်ကလူလည်း အထဲပြန်ဝင်လို့မရသလို အထဲကလည်း ပေးမထွက်ပါဘူး”
ကသာမြို့သိမ်းတိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး အခုအချိန်အထိ မတွေ့ရသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ကသာမြို့တွင်းမှာ စစ်အုပ်စုတပ်စွဲနေထိုင်နေတဲ့ မဟာစည်ရိပ်သာ၊ ရပ်ကွက် ၅(ဇေယျာချောင်) နဲ့တောင်ပေါ်ကျောင်းစတဲ့ နေရာတွေက တပ်စခန်းငယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရမိထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

၂၀၁၄ သန်းခေါင်စာရင်းအရ ကသာမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ စုနဲ့ လူဦးရေ ၁၆၀,၀၀၀ ကျော် နေထိုင်ပါတယ်။ အဲဒီအထဲက မြို့ခံတစ်သိန်းကျော်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကနေ စွန့်ခွာလာနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်သူတွေစတဲ့ လူဦးရေသောင်းနဲ့ချီ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် မိုးတားလေး၊ ကျောက်ထုံးကြီး၊ အင်း စတဲ့ကျေးရွာမှာ အခြေစိုက်ထားတဲ့ တိုက်နယ်အဆင့် ရဲစခန်းတွေကို ကသာမြို့ပေါ်ကို ပြောင်းရွှေ့သွားတာကြောင့် ကသာမြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ မြို့ပေါ်ရပ်ကွက် – ၅၊ မြို့နယ်အားကစားကွင်းနဲ့ အာဇာနည်ကွင်း စတဲ့ နေရာသုံးခုမှာ အခိုင်အမာတပ်စွဲထားပြီး လက်နက်ကြီးတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကသာမြို့ ရပ်ကွက်-၅ (ဇေယျာချောင်)ရက်ကွက် စစ်အုပ်စုတပ် လေကြာင်းကနေ ဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်ကျွမ်းနေပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button