
MN/MFP ၊ ဇန်နဝါရီ – ၅
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးရွာကို စစ်အုပ်စုတပ်က ဇန်နဝါရီ ၅ ရက် ဒီနေ့မှာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Information Network တာဝန်ရှိသူတွေက MFP ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်အုပ်စုတပ်ဟာ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အခုနှစ်
ဇန်နဝါရီလ ၂ ရက်မှာ နယ်မြေချင်းထိစပ်နေတဲ့ စဉ့်ကူးမြို့နယ်ထဲကို စတင်ဝက်ရောက်ခဲ့ပြီး ကျေးရွာတွေကို ဆက်လက်မီးရှို့နေတာဖြစ်ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့လယ်ပိုင်းက စဉ့်ကူးနယ်အနောက်တောင်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျွန်းကြီးရွာကို စီးနင်းဝင်ရောက်နေတဲ့ စစ်အုပ်စုတွေဟာ ပြည်သူပိုင်နေအိမ်တွေကို စီးနင်းလုယက်မီးရှို့ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၅ ရက်မှာ ကြက်တူရွေးရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Information Network ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“လက်ရှိ စစ်ကြောင်းကတော့ မီးရှို့ပြီးတော့မှ ကျွန်းကြီး၊ ကျွန်းတော်၊ ကြက်တူရွေး အဲဒီရွာတွေမှာ စစ်ကော်မရှင်က ဥက္ကဌတွေဖွဲ့ပေးပြီးတော့ မဲပေးဖို့စေခိုင်းတာတွေရှိနေတယ်လို့ ကြားရတယ်။ လက်ရှိ ပြည်သူတွေကတော့ ပြေးနေရတယ်။ မီးရှို့ခံရတဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး”
၂၀၁၄ သန်းခေါင်စာရင်းအရ ကြက်တူရွေးကျေးရွာဟာ လူဦးရေ သုံးထောင်နီးပါးနေထိုင်ပြီး ပြီးခဲ့တဲ ၂၀၂၃ ခုနှစ် မေလတစ်လအထဲမှာပဲ စစ်အုပ်စုတပ်က သုံးကြိမ်ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးနေတာကြောင့် စဉ့်ကူးနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေနဲ့ ကျွန်းထဲကျေးရွာတွေဖြစ်တဲ့ ဟင်္သာမ၊ ကြက်တူရွေး၊ မြစ်ကမ်းကြီး၊ သဲအင်း၊ ကျွန်းကြီး၊ ကျွန်းတော်၊ ဇီးကုန်း စတဲ့ကျေးရွာတွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဝက်လက်၊ ရွှေဘို၊ ခင်းဦး စတဲ့ မြစ်အနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။
စစ်အုပ်စုက လေကြောင်းပစ်ကူအပါဝင် စစ်မှုထမ်းပေါ်တာဆွဲထားတဲ့ တပ်သားသစ်တွေနဲ့ မန္တလေးတိုင်းထဲက စစ်ရှုံးနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေထဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်ကြောင်းထိုးစီးနင်းကာ ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ကြက်တူရွေးကျေးရွာကို ဇန်နဝါရီလ ၅ ရက်မှာ စစ်အုပ်စုမီးရှို့ဖျက်ဆီးနေပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



