စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်းတိုင်း ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးနယ်ထဲ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲနေ၊

ထင်လင်း/MFP၊ ဇန်နဝါရီ – ၅

စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးမြို့နယ်တွေထဲက အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၅ရက် ဒီကနေ့ ည၉နာရီဝန်းကျင်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နှစ်စီး၊ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ စုစုပေါင်း တိုက်လေယာဉ် လေးစီးနဲ့ မြို့၊ရွာတွေပေါ် ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

“ကောလင်း တစ်စီး၊ ခင်ဦး တစ်စီး၊ ကျွန်းလှ နှစ်စီးနဲ့ ပတ်ကြဲတာ။ အထိအခိုက်၊ နေရာတွေ မသိရသေးပါ” လို့ ခင်ဦးနယ်ခံ တစ်ဦးက ပြောပါတယ်။

ကာလင်းနယ် အနောက်ခြမ်းနဲ့ ခင်ဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံရတယ်လို့ သတင်းကြားရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲ အကြိမ် ၅၀၊ မကွေးတိုင်းထဲ ၂၂ ကြိမ်၊ မန္တလေးတိုင်းထဲ ၁၀ကြိမ်၊ ရခိုင်ပြည်နယ်ထဲ ၁၁ ကြိမ်၊ ပဲခူးတိုင်းထဲ ၁၁ ကြိမ်၊ ဧရာဝတီတိုင်းထဲ လေးကြိမ်၊ ကချင်ပြည်နယ်ထဲ နှစ်ကြိမ်၊ ရှမ်းပြည်နယ်ထဲ နှစ်ကြိမ်၊ ကယားပြည်နယ်ထဲ တစ်ကြိမ်နဲ့ ကရင်ပြည်နယ်ထဲ တစ်ကြိမ်စီ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီလို နိုင်ငံတဝန်း ဗုံးပတ်ကြဲရာမှာ အရပ်သားပြည်သူတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုမို ဦးတည်ပစ်ခတ်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေ အပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တိုက်ခိုက်နေတာ တွေ့ရတယ်လို့ MDIS က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ ကလေးသူငယ် ၃၀ ကျော် အပါအဝင် အရပ်သား ပြည်သူ ၁၃၀ ဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း အရပ်သားပြည်သူကို ဗုံးကြဲရာမှာ အာဏာသိမ်း စစ်အုပ်စု အသုံးပြုနေတဲ့ တိုက်လေယာဉ်တွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button