မန္တလေးသတင်း

မန္တလေးက ငလျင်ဘေးသင့် ပြည်သူတွေ ကိုးလကြာချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး၊

ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၆

မန္တလေးမြို့က ငလျင်ဘေးသင့် ပြည်သူတွေ အနေနဲ့ ကိုးလကျော်ကြာချိန်အထိ ပြန်လည် ထူထောင်ရေး မလုပ်နိုင်သေးဘဲ တချို့က ပြိုပျက်တဲ့ အဆောက်အအုံတွေကို ဖျက်ဆီးရှင်းလင်းနေရဆဲ ဖြစ်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ဒဿမ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်းနဲ့ မန္တလေးမြို့မှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး နိုင်ငံတဝန်း လူ ၄,၀၀၀ ကျော် သေဆုံးတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ မန္တလေးမြို့ခံပြည်သူတွေ အနေနဲ့ မိသားစု အခြေအကျ နေထိုင်နိုင်ရေးနဲ့ အပျက်အစီး ဖြိုဖျက်ရှင်းလင်းတာတွေပဲ အဓိကထား လုပ်ဆောင်နေရပြီး စီးပွားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာ၊ ဆောက်လုပ်ရေး ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်တာ၊ လုပ်သား ရှားပါးတာတွေကြောင့် နေအိမ်ထိခိုက်တဲ့ ဒေသခံတွေအနေနဲ့ နေအိမ်ကို ပြန် မပြုပြင်နိုင်ကြသေးသလို အလုပ်ရုံထိခိုက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပြန်လည်တည်ဆောက် လုပ်ငန်း လည်ပတ်တာတွေ မလုပ်ဆောင်နိုင်ကြသေးတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ အလတ်စား စီးပွားရေးလုပ်ငန်းရှင် တစ်ဉီးက MFP ကို ပြောပါတယ်။

“ကျွန်တော်တို့ကျ ဆုံးရှုံးထားတာတွေက များတော့ ပြန်မလိုက်နိုင်သေးဘူး။ အဓိကကတော့ expense (ကုန်ကျစရိတ်)တွေ ကြောင့်ပေါ့။ ပိုက်ဆံပြန်ချိန်ရတဲ့ကိစ္စပေါ့။ မြေကွက်လပ်ကိုငှားပြီး ဆောက်မလား။ အဆောက်အဦး ပါတာကို ငှားမယ်ဆိုရင်လည်း ငလျင်ဒဏ် ထိ၊မထိ၊ ဘယ်လောက်ထိထားလဲ။ ဘယ်လောက် safe (လုံခြုံစိတ်ချရမှု) ဖြစ်သလဲဆိုတာ ပြန်စစ်ရမယ့် အခြေအနေတွေ ဖြစ်သွားပြီ။ အဲ့လို ကိစ္စတွေကလည်း စဉ်းစားစရာဖြစ်တဲ့အတွက် မစနိုင်သေးတာ”

စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတဝန်း ဌာနဆိုင်ရာရုံး၊ အဆောက်အဦး၊ ဝန်ထမ်းအိမ်ရာ၊ နေအိမ်၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံပေါင်း ၆၅,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်အုပ်စု သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် လူဦးရေ ခြောက်သိန်းကျော် ဘေးသင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂ဝ ကျော် ရှိခဲ့တယ်လို့ စစ်အုပ်စုက ဆိုကာ ကမ္ဘာ့ဘဏ် (World Bank)ရဲ့ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ (ကျပ် ဘီလီယံ ၄၄,၀၀၀) ဆုံးရှုံးတယ်လို့ ခန့်မှန်းထားပါတယ်။

ငလျင်ဒဏ် ပြန်လည် ထူထောင်ရေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ ကျပ်ငွေ ၁၆၀၅ ဘီလီယံကျော် ထောက်ပံ့ ထားသလို ရှေးဦးပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ကျပ်ငွေ ၃၄၀ ဘီလီယံကျော် သုံးစွဲထားတယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ဆိုပါတယ်။

စစ်အုပ်စုက ရပ်ရွာထဲ အယောင်ပြေ ထောက်ပံ့တာရှိပေမယ့် အဲ့ဒီ ထောက်ပံ့မှုတွေကို စစ်အုပ်စုနဲ့ နီးစပ်သူတွေ၊ စစ်အုပ်စုခန့် ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေ၊ စစ်အုပ်စု လက်အောက်ခံ အသင်းအဖွဲ့တွေနဲ့ လက်လှမ်းမီသူတွေကသာ ရရှိကြတာလို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ သူတို့လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ငလျင်ကို အကြောင်းပြ မဲဆွယ်တာ၊ ငလျင်ပြန်လည် ထူထောင်ရေးအတွက် တော်လှန်ရေးတပ်တွေက အပစ်အခတ် ရပ်စဲတာကို အခွင့်ကောင်းယူပြီး စစ်ရေး ပြင်ဆင်တာတွေ လုပ်ခဲ့ပေမယ့် ငလျင်ပြန်လည် ထူထောင်ရေးအတွက် စနစ်တကျ လုပ်ဆောင်တာ မရှိဘူးလို့လည်း မြို့ခံတွေက ဆိုပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအတွက် အာဏာသိမ်း စစ်အုပ်စုထံ နိုင်ငံတကာက ဒေါ်လာသန်းရာနဲ့ချီကာ ကူညီထောက်ပံ့ထားပါသေးတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးစျေးချိုတော်ဝန်းကျင် ထိခိုက်ပျက်စီးမှုနဲ့ ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့မှာ တွေ့ရတဲ့ ငလျင်ဒဏ်သင့် အဆောက်အအုံတွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button