ဝက်လက် ဗုံးကြဲခံရမှု လသား ကလေးငယ် အပါအဝင် သေဆုံးသူ လေးဦး ရှိလာ၊
ဒီဇင်ဘာလကလည်း ဝက်လက်နယ်ခံ ပြည်သူ ၂၀ ကျော်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့၊

ဒီဇင်ဘာလကလည်း ဝက်လက်နယ်ခံ ပြည်သူ ၂၀ ကျော်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့၊
ဒေါ်လာ၊ MN/MFP ၊ ဇန်နဝါရီ – ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တောင်ခြမ်း၊ မန္တလေး – မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ပေါက္ကံဘူတာရွာကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ နှစ်လသားအရွယ် ကလေးငယ် အပါဝင် သေဆုံးသူ လေးဦး ရှိလာပြီး ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာနဲ့ ရေသောက်ကန်ရွာ စာသင်ကျောင်းကို မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးသုံးကြိမ် ကြဲချခဲ့တာ ဖြစ်ပြီး နှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၆၀ နဲ့ ၇၀ အရွယ် အဖွားနှစ်ဦး၊ စုစုပေါင်း သုံးဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူတွေထဲက ဆေးကုသဖို့ ကြိုးစားရင်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးတာကြောင့် သေဆုံးသူ လေးဦးအထိ ရှိလာတာလို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ရှိသူက MFP ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘူးဗျ။ ဒီတိုင်းလာကြဲတာ။ ခွေးလော်ဘီတွေကတော့ အဲ့ဒီ နေရာတွေမှာ PDF တွေ ရှိလို့ ဗုံးကြဲဖို့ဆိုပြီး တင်တာတွေ ရှိခဲ့တယ်”
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲတာ ဖြစ်ပြီး ရှောင်တိမ်းချိန် မရလို့ အရပ်သားတွေ သေဆုံးကုန်တာလို့ ဝက်လက်နယ်ခံတစ်ဦးကလည်း MFP ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒီနေ့ ဗုံးလာကြဲတာက ရှောင်တိမ်းချိန်မရလိုက်တော့ ဆုံးကြတာ၊ အသံကြားလို့ ပြေးတုန်းမှာပဲ ကြဲချသွားတာပါ”
ဗုံးဒဏ်ကြောင့် ဦးခေါင်းထိခိုက်ထားတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးဟာ ဆေးကုသခွင့်ရဖို့ ကြိုးစားနေရင်း မနေ့က ညနေပိုင်းမှာ ဆုံးပါးသွားတာ ဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဒဏ်ရာရထားသူ အများအပြား ရှိသလို ပေါက်ကန်ဘူတာရွာနဲ့ ရေသောက်ကန်ရွာအတွင်း စာသင်ကျောင်း၊ လူနေအိမ်နဲ့ ကား၊ ဆိုင်ကယ်တချို့လည်း မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်နီးပါး ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ဝက်လက်နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးရှိ ငါးပတ်ချောင်းကျေးရွာကို စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချရာ နေအိမ်၊ ဘုရားဝင်းနဲ့ ဗုံးခိုကျင်းထဲပါ ကျရောက် ပေါက်ကွဲလို့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် အပါအဝင် အရပ်သား ပြည်သူ ခုနစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဝက်လက်နယ် ကျေးရွာတွေအပေါ် စစ်အုပ်စုက ၁၄ ကြိမ် ဗုံးကြဲခဲ့ရာ သံဃာတော်နှစ်ပါးနဲ့ ကလေးသူငယ်တွေ အပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ကာ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဝက်လက်မြို့နယ်အရှေ့ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာ၊ ရွာမီးရှို့တာတွေ ကျူးလွန်နေတာကြောင့် ဝက်လက်နယ် မြစ်ရိုးတလျှောက် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဝက်လက်နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲမှု ၁၁၉ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။





ဝက်လက်မြို့နယ်၊ မန္တလေး – မြစ်ကြီနား ရထားလမ်းပေါ်က ပေါက္ကံဘူတာရွာကို ဇန်နဝါရီ ၆ရက် မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ နှစ်လသားအရွယ် ကလေးငယ်/Photo – Wetlet Informational Network
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



