
ဂျီဂျီ/ MFP၊ ဇန်နဝါရီ – ၇
ငလျင်လှုပ်ခတ်ချိန် ကွန်ဒိုပြိုကာ လူအသေအပျောက် အဆိုးရွားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ကုမ္ပဏီပိုင်ရှင်တွေ လူမြင်ကွင်းက ပျောက်ကွယ်ကာ ရှောင်တိမ်းနေကြတယ်လို့ တိုက်ခန်းဝယ်ယူထားသူနဲ့ ကွန်ဒိုမှာ နေထိုင်ခဲ့သူတွေက ပြောပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရေစစ်ကန်အနီးရှိ ၁၁ ထပ်အမြင့် Sky Villa ကွန်ဒို အဆောက်အဦး ပြိုကျကာ လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
Sky Villa ကွန်ဒိုကို NTL Construction Co. Ltd က တည်ဆောက်ထားတာ ဖြစ်ပြီး ငလျင်ကြောင့် ပြိုကျ ပျက်စီးကာ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့တဲ့အပေါ် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးဖို့ ကွန်ဒိုခန်း ဝယ်ယူ ထားသူတွေက တောင်းဆိုထားပေမယ့် ကိုးလကျော်အကြာ ယနေ့ထိ ဖြေရှင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံ ပြိုကျ ပိမိကာ သေဆုံးသူတွေအတွက် ကရုဏာထောက်ပံ့ကြေး ပေးအပ်ခဲ့ပေမယ့် အခန်းပိုင်ရှင်တွေကို တွေ့ဆုံဖြေရှင်းတာ မရှိဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာလို့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူ၊ Sky Villa ကွန်ဒို အခန်းပိုင်ရှင်တစ်ဦးက MFP ကို ပြောပါတယ်။
“(ကွန်ဒိုပိုင်ရှင်က) ဘာမှလည်း မပြောဘူး။ ဘာမှလည်း အကြောင်းမကြားဘူး။ ဘာဆို ဘာမှလည်း မသိရဘူး”
ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးနစ်နာသူတွေကို တွေ့ဆုံဖြေရှင်းပေးဖို့ N.T.L ကုမ္ပဏီကို ကွန်ဒိုနေထိုင်သူတွေ စုပေါင်းကာ သတိပေး စာပို့ထားပေမယ့် တွေ့ဆုံခွင့် မရသေးဘူးလို့ အဲ့ဒီကွန်ဒိုမှာ နေထိုင်ခဲ့သူတစ်ဦးက MFP ကို ပြောပါတယ်။
“ကုမ္ပဏီဘက်ကို မေးထားတာ။ အကြောင်းမပြန်လို့ ဆိုပြီး ကွန်ဒိုနေထိုင်သူတွေက ပြောကြတော့ တာဝန်ခံလိုလို ဘာလိုလိုက ဘုန်းကြီးတစ်လ ဝတ်နေလို့ဆိုပြီး စာတော့ပို့ထားတာပဲ”
Sky Villa ကွန်ဒို ပြိုကျမှုဟာ အဆိုးရွားဆုံး လူအသေအပျောက် ဖြစ်ခဲ့ပေမယ့် ကွန်ဒို တည်ဆောက်တဲ့ N.T.L ကုမ္ပဏီဟာ ငလျင်ကြီး လှုပ်ခတ်ပြီး ငါးလကျော် ကြာမှသာ သေဆုံးသူတွေအတွက် ကရုဏာထောက်ပံ့ကြေး ပေးအပ်ခဲ့သလို ကွန်ဒို အပျက်အစီး ရှင်းလင်းရေး လုပ်ငန်းနဲ့ သေဆုံးရုပ်အလောင်း တူးဖော်ရာမှာလည်း ငါးလနီးပါးကြာမြင့်မှသာ ပါဝင်ခဲ့တယ်လို့ စစ်အုပ်စုကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကွန်ဒိုပြိုကျကာ သေဆုံးသူတွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာမှာ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်းနဲ့ စုစုပေါင်း ၁၄၈ ဦးအတွက် ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ NTL ကုမ္မဏီက ထုတ်ပြန်ထားကာ ထောက်ပံ့ငွေရယူဖို့ ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ဆက်လက်ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။
Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်ရေးမှာ သေဆုံးသူရုပ်အလောင်း ၂၀၆ ဦး တွေ့ရှိထားပြီး သေဆုံးသူတချို့ရဲ့ မိသားစုတွေက ဂရုဏာထောက်ပံ့ကြေး မယူသေးဘဲ ကုမ္ပဏီနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ မိသားစုဝင်တွေ ဆုံးရှုံးထားသူ တစ်ဦးက MFP ကို ပြောပါတယ်။
“အခုထိတော့ ဘာမှ မရသေးဘူး။ လက်မခံရသေးဘူး”
Sky Villa ကွန်ဒို အဆောက်အဦးဟာ ၁၁ ထပ်အမြင့်နဲ့ အဆောင်လေးဆောင် ပါဝင်ပြီး ငလျင်ဒဏ်ကြောင့် A အဆောင်မှာ ငါးထပ် ပြိုကျပျက်စီးကာ ကျန်တဲ့အဆောင်တွေအားလုံးက လုံးဝ ပြိုကျပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။
Sky Villa ကွန်ဒို ငလျင်ကြောင့် ပြိုကျပျက်စီးမှုဖြစ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဩဂုတ် ၂၆ ရက်ထိ ငါးလ အတွင်းမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၂ ဦးရှိပြီး သေဆုံး ရုပ်အလောင်း ရှာဖွေထုတ်ယူနိုင်မှု ကလေးငယ်တွေအပါဝင် စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၂၀၆ ဦးရှိပြီ ဖြစ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
ဧည့်စာရင်းအရ ငလျင်လှုပ်တဲ့ကာလအတွင်း Sky Villa မှာ နေထိုင်သူ ၄၀၀ ဝန်းကျင် ရှိကာ ကွန်ဒိုပြိုကျမှုအတွင်း အလောင်းရှာမတွေ့ဘဲ သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
Sky Villa ကွန်ဒိုကို တည်ဆောက်ရာမှာ လက်ရှိ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင်က တာဝန်ခံ အင်ဂျင်နီယာအဖြစ် တာဝန်ယူ ဆောက်လုပ်ခဲ့ပေမယ့် ငလျင်ဒဏ်သင့် ပြိုကျချိန်မှာ ဦးမျိုးအောင်က ရေငုံနှုတ်ပိတ်နေသလို ဆောက်လုပ်တဲ့ NTL ကုမ္ပဏီကလည်း ဖြေရှင်းတာ မရှိသေးလို့ ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျကာ အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ မန္တလေးမြို့ Sky Villa ကွန်ဒို/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



