စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ရွှေဘိုမှာ စစ်ဘေးရှောင်တွေ ခိုလှုံရာ သရက်ခြံကို စစ်အုပ်စုက နေ့ရောညပါ ဗုံးကြဲလို့ လေးဦး သေဆုံး၊

မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲနေ၊

ညဘက် ဗုံးလာကြဲရာ လူမထိလို့ နေ့ခင်းဘက်မှာ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံ ဗုံးကြဲတာဖြစ်၊

မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲနေ၊

ထင်လင်း၊ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာဆိုးကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူ ရာနဲ့ချီကာ ခိုလှုံနေတဲ့ သရက်ခြံကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ နေ့ရောညပါ ဗုံးကြဲလို့ အမျိုးသမီး အပါအဝင် ပြည်သူ လေးဦး သေဆုံးကာ ဒဏ်ရာရသူလည်း ငါးဦးထက်မနည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွှေဘိုနယ်၊ ရွာဆိုးရွာအနီးရှိ စစ်ဘေးရှောင်တွေ ခိုလှုံရာ သရက်ခြံကို စစ်အုပ်စုကို ဇန်နဝါရီ ၆ရက် ညပိုင်းမှာ တိုက်လေယာဉ် တစ်စီးနဲ့ နှစ်ကြိမ် ဗုံးပတ်ကြဲခဲ့ပြီး လူသူ ထိခိုက်သေဆုံးတာ မရှိတဲ့အတွက် ဒီကနေ့ ဇန်နဝါရီ ၇ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံ လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း အဲ့ဒီ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ သရက်ခြံကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲပြီးနောက် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ရာ စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အနီးအနား ကျေးရွာက ထွေလာဂျီမောင်းသူ အမျိုးသားနှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်စခန်းကတော့ အကုန်လုံး ပြာကျသွားတာ၊ တစ်ခုမှ မကျန်ခဲ့ဘူး”

စစ်ရှောင်တဲလေးတွေ မီးလောင်ပြာကျပြီး နောက်ထပ် စစ်ရှောင်ပြည်သူ ငါးဦး ထက်မနည်း ထိခိုက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက နေ့ရောညပါ ဗုံးလာကြဲတဲ့ သရက်ခြံနေရာဟာ စစ်ရေးလှုပ်ရှားမှု တစ်ခုမှ မရှိဘဲ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးလာတဲ့ ပြည်သူတွေ ခိုလှုံရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရွာဆိုးရွာ သရက်ခြံထဲ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာနဲ့ အနီးဝန်းကျင်ရွာက ဖြစ်ပြီး ဇီးဖြူကုန်းရွာခံ တချို့ကို စစ်အုပ်စုက ပျူစောထီးအဖြစ် လက်သပ်မွေးကာ ပျူစခန်း ဖွင့်ခိုင်းပြီး ဒေသတွင်း လူသတ်၊ လုယက်၊ မီးရှို့လို့ အိမ်မှာမနေရဲဘဲ ထွက်ပြေးလာကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ယခင်က ဒီပဲယင်းနယ်၊ မူးကမ်းကြီးရွာအနီး ခိုလှုံနေထိုင်ကြပြီး ဇန်နဝါရီ ၁ရက် ညပိုင်းမှာ စစ်အုပ်စုက မူးကမ်းကြီးရွာကို ဗုံးကြဲလို့ ယခု သရက်ခြံထဲ ထပ်မံ ပြောင်းရွှေ့လာကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် ဝက်လက်၊ ခင်ဦးနဲ့ ကန့်ဘလူနယ်ထဲရှိ ကားလမ်းနဲ့ မြစ်ကူးဆိပ်တွေကို ပိတ်ဆို့ကာ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက မန္တလေးတိုင်း စဉ့်ကူးမြို့ကို ပြန်လည် သိမ်းပိုက်နိုင်တဲ့ ဒီဇင်ဘာ ၁၆ရက် နောက်ပိုင်း စစ်ကိုင်းတိုင်းထဲရှိ ရွေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းနယ်ထဲ ထွက်ပြေးခိုလှုံတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ် ရွာဆိုးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ သရက်ခြံကို စစ်အုပ်စုက နေ့ရော ညပါ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်သေဆုံးသူတွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button