စစ်ကိုင်းသတင်း

မုံရွာမှာ လျှပ်စစ်မီးပြတ်နေတာ တပတ်ကျော်လာပြီး မြို့လုံးကျွတ် သောက်သုံးရေ ပြတ်လပ်၊

ရွှေဥ/MFP၊ ဇန်နဝါရီ – ၇

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ တပတ်ကျော်ကြာမြင့်လာပြီး မြို့လုံးကျွတ် သောက်ရေ၊ သုံးရေ၊ ချိုးရေ အားလုံး ပြတ်လပ်နေတယ်လို့ မြို့ခံတွေနဲ့ ရေအကူအညီ ပေးနေသူတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်က မုံရွာမြို့ပေါ် အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲ လုပ်ချိန် အုန်းတော-ညောင်ပင်ကြီး ကျေးရွာ အနီးမှာရှိတဲ့ ဓါတ်တိုင်နဲ့ လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်ရာက မုံရွာမြို့လုံးကျွတ် လျှပ်စစ်မီးပြတ်တောက်နေတာ ဖြစ်ပြီး ဒီကနေ့အထိ မီးပြန်မရသေးဘူးလို့ ဆိုပါတယ်။

ရက်ကြာရှည် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ရေတင်စက်၊ ရေပိုင်းလိုင်း၊ ရေမော်တာတွေ အပြင် လက်ကိုင်ဖုန်း၊ ဘထ္ထရီ၊ လျှပ်စစ်ထမင်းအိုး စတဲ့ အရာတွေ အသုံးပြုလို့မရတာ တစ်ပါတ်ကျော်ကြာ ရှိလာပြီး စစ်အုပ်စုက မီးရအောင် မလုပ်ပေးလို့ ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေတယ်လို့ မုံရွာမြို့၊ မြိူ့သစ်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

“မီးမရတာက ရှစ်ရက်ကျော် ရှိပြီ၊ ရေတင်လို့မရတော့ဘူး၊ လျှပ်စစ်မီးအိုးတွေက ချက်မရတော့ဘူး၊ မီးသွေးတွေ ဝယ်ကြရတယ်။ တစ်နာရီ ဖုန်းတစ်လုံး အားသွင်းရင် ၅၀၀ ပေးရတယ်။ ရေက လိုချင်တိုင်းကို ဝယ်လို့ မရတော့ဘူး၊ ရေမရှိတော့ အိမ်သာ ဘယ်လို တက်မလဲ၊ တော်တော်ကို ဒုက္ခရောက်ကြတာ။ ဆေးရုံတွေမှာဆိုလည်း အောက်ဆီဂျင် တပ်ရတဲ့သူတွေက တော်တော် ဒုက္ခရောက်တာ၊ မြို့သစ်မှာတော့ (စစ်အုပ်စု) လွှတ်တော်ကို   မီးစက်မောင်းပြီး အစည်းအဝေး လုပ်သွားတယ်။ သူတို့ကတော့ တစ်ရက် နှစ်နာရီ သုံးခွင့်ရတယ်တဲ့”

လက်ရှိမှာ မုံရွာမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့  လယ်တေ၊ ဖုန်းစိုး၊ ရတနာပုံ၊ ရန်ကင်း၊ အလုံ၊ ထန်တော၊ မြဝတီ၊ စစ်ပင်၊ အိုးဘိုတောင်၊ မြိုသစ်၊ ကွေ့ကြီး၊ အောင်ချမ်းသာ၊ အလယ်၊ နန္ဒဝန်၊ နတ်လူထိပ်ပန်၊ ရုံးကြီး၊ အေးသာယာ၊ သလ္လာ၊ ဘုရားကြီး၊ ချမ်းမြသာစည်၊ ဒေါနခြံ စတဲ့ ရပ်ကွက် အားလုံး ရေပြတ်လပ်နေတာလို့ မြို့ခံတွေက ​MFP ကို ပြောပါတယ်။

သောက်ရေ၊ သုံးရေ အကူအညီ လိုအပ်တဲ့အတွက် ဖုန်းဆက် အကူအညီ တောင်းလာသူတွေကို ရေကူညီလှူဒါန်းပေးနေတယ်လို့ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်အခမဲ့ ရေ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ရေတင်စက်တွေက လုံးလုံး သုံးမရတော့တာ၊ လျှပ်စစ်မီးက မရတော့တာ ဆိုတော့ ရေကတော့ မုံရွာ မြို့ပေါ် ရပ်ကွက်အားလုံးပေါ့၊ သူတို့ ရေလိုတယ်ဆိုရင် ဖုန်းဆက်ခေါ်ရင် သွားရတယ်”

လျှပ်စစ်မီးပြတ်တောက်ကာ သောက်ရေသုံးရေ ပြတ်လပ်တာကြောင့် ရေရရှိဖို့အတွက် တုံကင် (လက်နှိပ်)ရေတွင်း ဝယ်ယူတပ်ဆင်တာတွေ၊ ရေတွင်း တူးဖော်တာတွေ လုပ်ကိုင်လာကြပြီး မြစ်နဲ့ နီးသူတချို့ကတော့ မြစ်ဆိပ်ကို ဆင်းကာ ရေသယ်ယူကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မုံရွာမြစ်ဆိပ်ဘက် ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းတာ၊ မုံရွာမြို့တွင်းနဲ့ မြို့အဝင်အထွက် ဂိတ်တွေကနေ မြို့အပြင် ကျေးရွာတွေဘက် လက်နက်ကြီး ပစ်ခတ်တာ၊ မုံရွာမြို့ပေါ် တခါတရံ ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ ရှိတာကြောင့် ပြည်သူတွေ အနေနဲ့ ကြောက်လန့်နေရတဲ့ကြားကပဲ သောက်သုံးရေ ရရှိရေး သယ်ယူ နေရကြတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ပေါ် သောက်သုံးရေ လိုက်လံ လှူဒါန်းနေသူတွေနဲ့ မီးရရှိရေး ကြိုးစားနေသူတွေ/Photo – U Ko SoekokoMyat Fb

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button