မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်လို့ ပြည်သူတချို့ မိုင်းထိဒဏ်ရာရ၊
သုထက်/MFP၊ ဇန်နဝါရီ – ၈
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို တစ်လနီးပါးကြာ စီးနင်းကာ မီးရှို့၊ လူသတ်၊ လုယက်တဲ့ အာဏာသိမ်း စစ်အုပ်စုက နေအိမ်တွေမှာ မိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ကျီကုန်းရွာကို နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၂၇ရက်အထိ စီးနင်းခဲ့တာ ဖြစ်ပြီး အဘိဝံသ ဘွဲ့တော်ရ ဆရာတော် အပါအဝင် ဒေသခံ ငါးဦးကို သတ်ဖြတ်ကာ အိမ်ခြေ ၂၂၀ ကျော် ပြာကျတဲ့အထိ မီးရှို့ဖျက်ဆီးပြီးနောက် ရွာလုံးကျွတ် ဖောက်ထွင်း လုယက်ကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စု ကျေးရွာအတွင်းက ပြန်ထွက်သွားချိန် ရွာထဲ မြေမြုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဒီကနေ့အချိန်ထိ ပြည်သူတွေ အိမ်မှာ ပြန်မနေရဲကြသေးဘူးလို့ ချောင်းဦးနယ်ထဲ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“အိမ်တွေထဲရော အိမ်ပေါက်ဝတွေမှာ နင်းမိုင်းတွေ ထောင်ထားခဲ့တာ။ လက်ရှိအချိန်ထိ နင်းမိုင်းတွေ ဖြုတ်နိုင်တာက အလုံး အစိတ် (၂၅)ကျော်ပြီ”
အရဲစွန့်ကာ ရွာထဲ ပြန်ဝင်ကြည့်တဲ့ ပြည်သူတွေထဲက မိုင်းနင်းမိသူ သုံးဦးထက်မနည်း ရှိကာ တစ်ဦးကတော့ ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။
နင်းမိကာ မကွဲတဲ့ မိုင်းတွေလည်း တွေ့ရပြီး စစ်အုပ်စု အနေနဲ့ ကျီကုန်းရွာထဲ နင်းမိုင်း ရာနဲ့ချီ ထောင်ထားခဲ့တာ ဖြစ်မယ်လို့ ဒေသခံတွေက ခန့်မှန်းကာ မိုင်းအန္တရာယ်ကြောင့် ဒီကနေ့အချိန်ထိ ပြည်သူတွေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
“လက်ရှိအချိန်ထိက (မိုင်း) အကုန်လုံး မရှင်းလင်းနိုင်သေးဘူး။ အဲ့တာကြောင့် ပြည်သူတွေလည်း မဝင်ရဲသေးဘူး။ ခွေးတွေ မီးရှို့သွားတဲ့ မီးခိုးတွေ၊ အကြွင်းအကျန်တွေကလည်း မရှင်းနိုင်သေးဘူး”
စစ်အုပ်စုဟာ ကျီကုန်းရွာကို စီးနင်းထားစဉ်အတွင်း အဘိဝံသ ဘွဲ့တော်ရ၊ သက်တော် ၆၀ ကျော်၊ ဝါတော် ၄၀ ကျော်အရွယ် ဆရာတော် ဦးသုမနာဘိဝံသ အပါအဝင် ဒေသခံ ပြည်သူ ငါးဦးကို သတ်ဖြတ် ခဲ့သလို ကျီကုန်းအရှေ့ရွာရှိ အိမ်ခြေ ၁၃၅ ၊ အနောက်ရွာရှိ အိမ်ခြေ ၈၅၊ စုစုပေါင်း အိမ်ခြေ ၂၂၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မီးမရှို့ခံရတဲ့ နေအိမ်တွေမှာလည်း ဖောက်ထွင်းခံရကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဒန်အိုး၊ဒန်ခွက်က အစ ရှိသမျှ အိမ်တွင်းပစ္စည်း ခိုးယူ သယ်ထုတ်ခံရပြီး အိမ်တွေက အခွံပဲ ကျန်ရစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အိမ်မီးရှို့ခံရသူ၊ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရသူနဲ့ မိုင်းအန္တရာယ်ကြောင့် ရွာထဲ ပြန်မနေရဲသေးတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေးနဲ့ ငွေကြေး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကျီကုန်းကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်ပြီး မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
ကျီကုန်းရွာသာမက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ၂၀၂၂ က စလို့ ကျေးရွာတွေထဲ မိုင်းတွေ ထောင်ထားခဲ့လေ့ ရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးနယ် ကျီကုန်းရွာထဲ စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းတွေကို ရှင်းလင်းစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း



