စစ်ကိုင်းသတင်း

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး၊ ငါဦး ဒဏ်ရာရ၊

MN/MFP ၊ ဇန်နဝါရီ – ၈

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အနောက်ခြမ်းရှိ တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ကို ဇန်နဝါရီ ၇ ရက်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter) နှစ်စင်းနဲ့ နှစ်ကြိမ် ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မုံရွာမြို့ရှိ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စင်းနဲ့ အသွားအပြန် နှစ်ကြိမ်၊ မနေ့က နေ့လယ် ၁ နာရီခွဲကနေ ၃ နာရီအထိ ချောင်းဦးမြို့နယ် အနောက်ခြမ်း၊ တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲခဲ့တာလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မုံရွာ နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စင်းက ချောင်းဦးနယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတစ်ရွာက လက်ဖက်ရည်ဆိုင်ကို air strike လုပ်သွားတာ။ ဂျိုင်ရိုကော်ပတာ နှစ်စင်းနဲ့ နှစ်ကြိမ် လုပ်သွားတာ။ ပြီးတော့ နာရီဝက် အကြာမှာပဲ နှစ်ကြိမ် ပြန်လာပြီး (လေကြောင်းတိုက်) ထပ် လုပ်သွားတယ်။ တိုက်ပွဲ မရှိပါဘူးဗျ။ အကြောင်းမဲ့ လုပ်သွားတာပါ။ သေဆုံးတာကတော့ အမျိုးသား တစ်ဦးပါဗျ။ ဒဏ်ရာရတာကတော့ ငါးဦး ရှိပါတယ်”

သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင် ရွာခံ အမျိုးသား ဖြစ်ပြီး နောက်ထပ် အမျိုးသားငါးဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ချောင်းဦးမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

၂၀၂၅ အောက်တိုဘာ ၆ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ သီတင်းကျွတ်လပြည့်ည ဆီမီးသပိတ် ပြုလုပ်ချိန် စစ်အုပ်စုက လူအုပ်ထဲ ဗုံးကြဲလို့ ကလေးသူငယ်တွေ အပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၁ ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ချောင်းဦးနယ် တောကျောင်းလေးရွာကို စစ်အုပ်စုက ဗုံးကြဲစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button