စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

မန္တလေးမှာ ငလျင်လှုပ်ချိန် စစ်အုပ်စုက ရွှေဘိုနဲ့ ဒီပဲယင်းနယ်ထဲ ဗုံးပတ်ကြဲ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၈

မန္တလေး၊ မေမြို့နဲ့ စစ်ကိုင်းမှာ ငလျင်လှုပ်လို့ ပြည်သူတွေ လမ်းပေါ် ထွက်ပြေးနေရချိန် စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဒီပဲယင်းနယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ပြည်သူတွေ ဗုံးခိုကျင်းထဲ ဆင်းပြေးနေရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၈ရက် ဒီကနေ့ ည၉နာရီခွဲဝန်းကျင်အချိန် အင်အားပြင်းတဲ့ ငလျင်တစ်ခု လှုပ်ခတ်လို့ အိမ်ထဲနေသူတွေ လမ်းပေါ် ထွက်ပြေးခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“မန္တလေးငလျင်လှုပ်တာ အားပြင်းတယ်၊ အချိန်ကြာတယ်။ ၁၅ စက္ကန့်လောက်ကြာမယ်။ ပထမ အသံကြားတာ၊ ကြားနေကျ ကြုံနေကျဆိုတော့ အိမ်ထဲကနေ ထွက်မပြေးပဲနေတာ။ နောက်ကျ မဖြစ်တော့ဘူးဆိုပြီး အိမ်အပြင်ထွက်ရတာ” လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်မှု ရှိရင် အကြောင်းကြားဖို့ စစ်အုပ်စု မီးသတ်တွေက လူမူကွန်ယက်မှာ အသိပေးထားပါတယ်။

တချိန်တည်းမှာပဲ ဒီည ၉နာရီခွဲဝန်းကျင်အချိန် မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဒီပဲယင်းနယ်ထဲ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ပြည်သူတွေ ဗုံးခိုကျင်းရှိရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုနယ် အနောက်ခြမ်းနဲ့ ဒီပဲယင်းနယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စုက ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ဒေသခံတွေ စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဒီပဲယင်းနယ်ခံ တစ်ဦးက ဆိုပါတယ်။

မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် နိုင်ငံတဝန်း လူ ၄၀၀၀ ဝန်းကျင် သေဆုံးခဲ့သလို အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ နိုင်ငံတဝန်း လူ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ပြည်သူကို ဗုံးကြဲနေတဲ့ စစ်အုပ်စု တိုက်လေယာဉ်တစ်စီး/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button