စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဝက်လက်နဲ့ ကသာမှာ အအေးဒဏ်ကြောင့် စစ်ရှောင် အဖိုးအဖွားတွေ အအေးမိ သေဆုံး၊ လေဖြတ်၊

သေဆုံးသူ ငါးဦး ရှိပြီး လေဖြတ်သူ ၁၀ ဦးကျော်၊

ရွှေဥ /MFP၊ ဇန်နဝါရီ – ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ကသာမြို့နယ်တွေမှာ စစ်အုပ်စု ရန်ကြောင့် တောတောင်အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အအေးဒဏ်ကြောင့် အသက် သေဆုံးတာ၊ လေဖြတ်ဝေးနာ ခံစားရတာတွေ ကြုံနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ဘေးရှောင်ရင်း အအေးဒဏ်ကြောင့် အအေးမိကာ ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ် သစ်ချိုကုန်း၊ ရွာတော်ကုန်းနဲ့ တပ်ကျေးရွာတွေက သက်ကြီးရွယ်အို အဖိုးအဖွား လေးဦးနဲ့ ကသာမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာက စစ်ဘေးရှောင်ပြည်သူ အဖွားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ စစ်အုပ်စု ရန်ကြောင့် တောတောင်အတွင်း တစ်နှစ်ကျော်အကြာ တိမ်းရှောင်နေရသူတွေ ဖြစ်ပြီးတော့ စစ်အုပ်စုက စစ်ရှောင်တဲတွေဆီကို ထပ်မံ စစ်ကြောင်းထိုးတာကြောင့် အကြိမ်ကြိမ် နေရာပြောင်းရွှေ့ စစ်ဘေးရှောင်နေရသူတွေ ဖြစ်ကာ ယခု ဇန်နဝါရီလအတွင်း နေရာသစ်ကို စစ်ဘေးရှောင်ရင်း အအေးမိ ဆုံးပါးကြတာလို့ ဆိုပါတယ်။

စစ်ရှောင်တိမ်းရင်း ရာသီဥတုဆိုးရွားတဲ့ဒဏ်၊ နေထိုင်စရာ အတည်တကျမရှိတာနဲ့ လမ်းခရီး ပင်ပန်းမှု ဒဏ်တွေကြောင့် အသက်သေဆုံးကျတာ ဖြစ်ပြီးတော့ မကွယ်လွန်မီ ဆေးဝါးကုသမှုခွင့်လည်း မရရှိခဲ့ကြဘူးလို့ ကျန်ရစ်သူ မိသားစုတွေက ပြောပါတယ်။

ကသာမြို့၊ အမှတ် (၁) ရက်ကွက်ကနေ ညောင်ခြေထောက်ကျေးရွာကို စစ်ရှောင်နေရတဲ့ အသက် ၈၀ ကျော်အရွယ် ‌‌ဒေါ်ခင်သန်း ဟာ ဇန်နဝါရီ ၈ရက်က အအေးမိကာ ဆုံးပါးခဲ့ပါတယ်။

“အဖွားက အသက်ကလည်း ကြီးနေပြီ။ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ စစ်ရှောင်ရင်း လမ်းခရီး ဒဏ်ရယ်၊ အအေးဒဏ်ရယ်ရော၊ နှစ်ခုလုံးနဲ့ မခံနိုင်ဘဲ ဆုံးပါးသွားရတာပါ” လို့ ကျန်ရစ်သူ မိသားစုဝင် တစ်ဦးက MFP ကို ပြောပါတယ်။

အဖိုးအဖွားတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင် ပြည်သူတွေဟာ ဆောင်းရာသီ ကာလမှာ တမံတလင်းပေါ် အိပ်ရတာ၊ မြေကြီးပေါ်အိပ်ရတာနဲ့ အမိုးအကာ မရှိတဲ့ လေဟာပြင်မှာ အိပ်ရတာတွေကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတွေကနေ စစ်ဘေးရှောင်နေရတဲ့ အဖိုးအဖွား ၁၀ ဦးကျော်လည်း လေဖြတ်ကာ ခန္ဓာကိုယ် အထက်၊အောက် မလှုပ်ရှားနိုင်တဲ့ ဝေဒနာတွေ ခံရနေရတယ်လို့ ဝက်လက်မြို့နယ် လူသားစာနာ တာဝန်ခံ ဆရာမ အေးကြော့ခိုင်က MFP ကို ပြောပါတယ်။

“တချို့ဆို သစ်ပင်အောက် နေကြရတယ်။ တချို့က ခြုံစောင် လုံလုံလောက်လောက် မပါတဲ့ အတွက် အေးတာ။ အဓိကတော့ တမံတလင်းမှာ အိပ်ရတာက ပိုဆိုးကြတယ်”

ဝက်လက်နယ်ထဲ စစ်ဘေးရှောင်ရင်း သေဆုံးသူ အဖိုးအဖွား လေးဦးနဲ့ လေဖြတ်သူ ၁၀ ဦးကျော်ထဲက တချို့ဟာ စစ်အုပ်စုက အိမ်ကို မီးရှို့ဖျက်ဆီးသွားလို့ အိမ်ပြန်စရာ မရှိတော့တဲ့၊ အိုးမဲ့အိမ်မဲ့ မိသားစုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့၊ အမျိုးသားတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီး  အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေလို့ ဝက်လက်နယ် ‌ကျေးရွာ ၄၀ ကျော်က ထောင်သောင်းချီနဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။

 ကသာမြို့မှာတော့ ဒီဇင်ဘာ ၂၈ရက်က စတင်ကာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားတာကြောင့် ဒေသခံတွေ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်အုပ်စုက သတ်ဖြတ်လို့ သေဆုံးသူ ၅၃၀၀ ကျော် ရှိခဲ့ပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်က သေဆုံးသူ ၁၄၀၀ ကျော်နဲ့  အများဆုံးဖြစ်ကာ မုံရွာနဲ့ စစ်ကိုင်းခရိုင်မှာ သေဆုံးသူ ၆၀၀ ကျော်၊ ကန့်ဘလူ၊ ယင်းမာပင်နဲ့ ကလေးခရိုင်တွေမှာ သေဆုံးသူ ၅၀၀ ကျော်စီ ရှိခဲ့တယ်လို့ Data for Myanmar က ဒီဇင်ဘာ ၃၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလ ငါးနှစ်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးတဲ့ အိမ်ခြေ ၁၁၆၈၉၇ ရှိပြီးတော့ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၆၉၉၀ နဲ့ အများဆုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် (IDPs) ၃၅ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဝက်လက်မြို့နယ်နဲ့ ဝက်လက် – စစ်ကိုင်းနယ်အစပ် ကျေးရွာတွေက ပြည်သူတွေ/Photo – ဝက်လက်လူထုသပိတ်ကော်မတီ၊ CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button