စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်း မင်းကွန်းဘက် စစ်အုပ်စုက ဗုံးကြဲတာကို ငလျင်ထင်ကာ မန္တလေးမြို့ခံတချို့ ထပြေး၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၉

မန္တလေးမြို့ရဲ့ မြစ်တဖက်ခြမ်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ မန္တလေးမြို့ပေါ်နေသူတွေပါ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားရပြီးနောက် ငလျင်လှုပ်တယ်ထင်ကာ တချို့က ထပြေးကြရတယ်လို့ သတင်းရရှိပါတယ်။

ဇန်နဝါရီ ၉ရက် ဒီကနေ့ ည ၈နာရီအချိန် စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်း၊ မင်းကွန်းဒေသအနီး ထုံးဘိုရွာ စာသင်ကျောင်းကို စစ်အုပ်စုက မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ J-Fighter တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အဲ့ဒီ ဗုံးပေါက်ကွဲတဲ့အသံကို ငလျင်လှုပ်တယ်ထင်ကာ မန္တလေးမြို့ခံတချို့ နေအိမ်တွေပေါ်ကနေ ဆင်းပြေးကြရတယ်လို့ မြို့ခံတွေက လူမူကွန်ယက်မှာ ရေးပါတယ်။

“ငလျင်လူပ်တယ် ထင်တာပဲ၊ ဒုန်းကနဲ့ပဲ၊ အိမ်မှန်တံခါးတွေ ခါထွက်သွားတာ။ ထမင်းစားရင်း ထပြေးရပြန်ပြီ” လို့ မန္တလေးမြို့မှာ နေသူတစ်ဦးက ဆိုပါတယ်။

ပေါက်ကွဲသံကို ငလျင်လှုပ်တယ်ထင်ကာ မန္တလေးမြို့ပေါ်နေသူတချို့ ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ငလျင်ကြီးရယ် မလှုပ်ပါနဲ့တော့၊ ပြည်သူပြည်သားတွေ တော်တော်လေး တုန်လှုပ်ခြောက်ခြားပြီး ကြောက်နေကြပါပြီ” လို့ မန္တလေးမြို့မှာနေသူတစ်ဦးက လူမူကွန်ယက်မှာ ရေးပါတယ်။

ဗုံးကြဲတာကို ငလျင်လှုပ်တယ်ထင်ပြီး ကြောက်ရွံ့ထွက်ပြေးတဲ့အပေါ် မြို့ပေါ်နေသူတွေလည်း စစ်အုပ်စုရဲ့ ဗုံးဒဏ်ကို ကိုယ်ချင်းစာတတ်သွားမယ် ထင်တယ်လို့ မတ္တရာနယ်ခံတစ်ဦးက မှတ်ချက် ပြုပါတယ်။

မင်းကွန်းဒေသ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာ ဖြစ်ပြီး ဒေသခံ ပြည်သူတွေ အထေိအခိုက် အသေအပျောက် ရှိတယ်လို့ ကနဦး သတင်းရပေမယ့် အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံ မြေပြင်ကင်းထောက်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ရန်ကုန်၊ မန္တလေးနဲ့ မိတ္ထီလာ စတဲ့ သူတို့ ကြီးစိုးထားတဲ့ မြို့တွေကို ဗုံးမကြဲပေမယ့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို စစ်အုပ်စုက ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးတောင်ပေါ်ကနေ မင်းကွန်းဒေသဘက်ကို တွေ့ရစဉ်/Photo – Wiki

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button