စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စုက ပါရာမော်တာနဲ့ ရွာပေါ် ဗုံးပတ်ကြဲ၊ ပြည်သူလေးဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

နွားရှစ်ကောင်၊ မြင်းတစ်ကောင် သေဆုံးကာ ထွေလာဂျီ၊ ကားနဲ့ အိုးအိမ်တွေ ပျက်စီး၊

နွားရှစ်ကောင်၊ မြင်းတစ်ကောင် သေဆုံးကာ ထွေလာဂျီ၊ ကားနဲ့ အိုးအိမ်တွေ ပျက်စီး၊

သုထက်/MFP၊ ဇန်နဝါရီ – ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားချောင်းဘေးရှိ ပြန်လှည့်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း စက်တပ်လေထီး (Paramotor – ပါရာမော်တာ)နဲ့ ဗုံးပတ်ကြဲခဲ့ရာ ရွာခံပြည်သူ လေးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၉ရက် ညနေပိုင်း ၆နာရီဝန်းကျင်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ ပြန်လှည့်ကျေးရွာပေါ် လှည့်ပတ်ပျံဝဲကာ ဗုံးလေးလုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

ပါရာမော်တာ ပထမတစ်စီးနဲ့ ကြဲချတဲ့ ဗုံးတွေဟာ တချို့က မကွဲဘဲ ဗုံးတစ်လုံးက ပြန်လှည့်ရွာရဲ့မြောက်ဖက်၊ ယမားချောင်းကမ်းရှိ စျေးဆိုင်ပေါ် ကျရောက်ပေါက်ကွဲကာ ဆိုင်အတွင်း ရှိနေတဲ့ ပြည်သူ လေးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒုတိယမြောက် ပါရာမော်တာတစ်စီးနဲ့ ကြဲချတဲ့ ဗုံးတွေဟာလည်း ပြန်လှည့်ရွာထဲ ကျရောက် ပေါက်ကွဲပြီး ရွာအနောက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်တဲ့ ဗုံးကြောင့် နေအိမ် မီးလောင်ပျက်စီးသလို နွားရှစ်ကောင်နဲ့ မြင်းတစ်ကောင် သေဆုံးကာ ထွန်စက်နဲ့ ကားတစ်စီး ပျက်စီးတယ်လို့ ဆိုပါတယ်။

“ယမားမြောက်ဖက်ကို အရင်ချတာ၊ နှစ်လုံးက မကွဲဘူး။ ရွာနောက်ပိုင်းချတာက နှစ်လုံးချ နှစ်လုံးကွဲ သွားတယ်၊ အိမ်တစ်လုံး မီးလောင်တာတော့ မီးငြိမ်းနိုင်လို့ အခြားအိမ်တွေ မကူးလိုက်ဘူး” လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ ရွာခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ပြန်လှည့်ရွာမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မနေ့က ဇန်နဝါရီ ၉ ရက် မွန်းလွဲ၂ နာရီဝန်းကျင်မှာလည်း ယင်းမာပင်-ညောင်ပင်ကြီး လမ်းပိုင်းမှာရှိတဲ့ PDF စစ်ဆေးရေးဂိတ်တစ်ဂိတ်ကို ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ် ) တစ်စီးနဲ့ လာရောက် ဗုံးကြဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်ကလည်း အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို ဂျိုင်အိုကော်ပရာနဲ့ ဗုံးကြဲခဲ့ရာ ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန် တစ်ဦး၊ ဆေးရုံထမင်းချက်အကူ နှစ်ဦး၊ စုစုပေါင်း သုံးဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ဆားလင်းကြီး အပါအဝင် နိုင်ငံတဝန်းရှိ မြို့၊ရွာတွေက အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို စစ်အုပ်စုက ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယင်းမာပင်နယ် ပြန်လှည့်ကျေးရွာကို ဇန်နဝါရီ ၉ရက် ညနေပိုင်း စစ်အုပ်စုက ပါရာမော်တာတွေနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေ/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button