စစ်ကိုင်းတိုင်းထဲ စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ဖို့ ကြိုးစားနေ၊
တိုက်ပွဲရှိတဲ့ မြို့နယ်တွေကို ဗုံးကြဲ၊ စစ်ကြောင်းထိုး၊ ပိတ်ဆို့ကာ မြို့ပေါ်နေသူတွေ မဲပေးဖို့ ခြိမ်းခြောက်၊

တိုက်ပွဲရှိတဲ့ မြို့နယ်တွေကို ဗုံးကြဲ၊ စစ်ကြောင်းထိုး၊ ပိတ်ဆို့ကာ မြို့ပေါ်နေသူတွေ မဲပေးဖို့ ခြိမ်းခြောက်၊
၁၁မြို့နယ်မှာ လေးမြို့နယ် ယှဉ်ပြိုင်သူ မရှိလို့ စစ်အုပ်စုက အနိုင်ရပြီးဖြစ်၊
MN/MFP ၊ ဇန်နဝါရီ – ၁၀
စစ်ကိုင်းတိုင်းထဲ မနက်ဖန် ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ရှိနေပေမယ့် စစ်အုပ်စုက ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကြောင်းထိုးတာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ မြို့ကို ပိတ်ဆို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သလို မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်နေတယ်လို့
မနက်ဖန် ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကိုင်းတိုင်းထဲက ဝန်းသို၊ ကျွန်းလှ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်၊ မြင်းမူ၊ ရေဦး၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ် စုစုပေါင်း ၁၁မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားတာ ဖြစ်ပါတယ်။
အဲ့ဒီ ၁၁မြို့နယ်ထဲက ဝန်းသို၊ ကျွန်းလှ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်၊ မြင်းမူနဲ့ ရေဦးမြို့နယ်တွေထဲ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ထုတာ၊ စစ်ကြောင်းထိုးတာ၊ မြို့ကို ပိတ်ဆို့ထားတာတွေ လုပ်ဆောင်နေပြီး မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူတွေကို မဖြစ်မနေ မဲလာထည့်ကြဖို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုလတင်မြို့နယ်
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ထိစပ်နေတဲ့ ဘုတလင်မြို့နယ်မှာ ဒီဇင်ဘာ ၂၈ရက်က စလို့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုက ဗုံးကြဲ၊ စစ်ကြောင်းထိုး၊ လူသတ်နေတာကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဘုတလင်နယ်ထဲ အင်အား ၅၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသလို ဒီဇင်ဘာ ၃၀ရက်က ဘုတလင်နဲ့ နမခ ကြားရှိ ထနောင်းကုန်းရွာအနီးမှာ ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ ကံသစ်ရွာရှိ ပြည်သူ အမျိုးသမီးကြီးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘုတလင်မြို့နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲလို့ မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ဇီးတော၊ သားရိုးကုန်း၊ ပိုးကုန်း၊ ထနောင်းကုန်း၊ သက်ရှည်ကံ၊ အောင်ချမ်းသာ၊ လွဲတဲ၊ ထန်းတန်း၊ မြောက်တော၊ မြောက်ကျီ၊ မှန်တော၊ ညောင်ရိပ်သာ၊ ညောင်ပင်ကန်၊ သပြေပင်၊ ရှမ်းတဲ၊ ရွှေတောင်သမန်းတော၊ ရွာရှည်၊ နေပူကုန်း၊ ကျီးပင်ချောင်၊ ကံသစ်၊ ရွှေချောင်းလည် စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး တောတောင်ထဲ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့ပေါ် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်ပေမယ့် ယခုရက်ပိုင်း Non CDM ဝန်ထမ်းတွေကို မုံရွာမြို့ကနေ ဘုတလင်မြို့ဆီ ခေါ်လာပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေ ပေးတာ၊ မဲပေးစက်(MEVM) လက်တွေ့အသုံးပြု စေခိုင်းတာ၊ ကြိုတင် မဲထည့်ခိုင်းတာ၊ မြို့ထဲက ထွက်မပြေးနိုင်သေးတဲ့ ပြည်သူတွေကို ပိတ်ဆို့ထားပြီး မဲထည့်ဖို့ မဲစာရင်းအမှတ်စဉ် စာရွက်တွေ လိုက်ဝေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ရက်က ဘုတလင်မြို့ကို စီးနင်းတိုက်ခိုက်ရာ မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့ပြီး စစ်အုပ်စုက မြို့ပေါ် ရပ်ကွက်တွေကိုပါ လေကြောင်းဗုံးကြဲ၊ နမခ ကနေ အင်အားဖြည့် စစ်ကူတွေ ရောက်လာလို့ မြို့ပေါ်က ပြန်လည် ဆုတ်ခွာခဲ့ရပြီး အဲ့ဒီ ဘုတလင်မြို့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် ခြောက်ဦး ကျဆုံးတယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့နယ်
မုံရွာခရိုင်ထဲက ချောင်းဦးမြို့နယ်မှာလည်း စစ်အုပ်စုက မြို့ပေါ်နေရာတချို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ မြို့ပေါ်မှာ အင်အားဖြည့်ပြီး ပိတ်ဆို့တာ၊ ကင်းလှည့်တာ၊ နမခက တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)၊ ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ်) အပါအဝင် လေကြောင်းဗုံးကြဲတာနဲ့ မြို့အနီးဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“ချောင်းဦးမြို့ပေါ် အခြေအနေကတော့ မုံရွာ-နမခ ကနေ သံပြားကာ ကားတွေနဲ့ သူတို့(စစ်အုပ်စု) အင်အားတွေ ထပ် တိုးထားတယ်။ ရပ်ကွက်တွေထဲမှာ ကင်းပတ်တာတွေ လုပ်နေတယ်။ ရွေးကောက်ပွဲ လုပ်မယ့် မဲရုံရှိတဲ့ နေရာတွေကို သူတို့ လုံခြုံရေးတွေ ချထားတယ်။ မြို့ပေါ်မှာ လုံခြုံရေးတွေ တိုးထားတော့ မြို့ခံတွေက အပြင် သိပ်မထွက်ကြဘူး။ တချို့ကျတော့လည်း ဒီရွေးကောက်ပွဲကို မဲမပေးချင်တာကြောင့် မြို့ပေါ်ကနေ ရှောင်တိမ်းသွားကြတဲ့သူတွေပါ ရှိတယ်ဗျ”
ချောင်းဦးမြို့ပေါ် ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ဇန်နဝါရီ ၇ ရက်က ချောင်းဦးမြို့နယ် အနောက်ခြမ်း တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ကို ဂျိုင်ရိုကော်ပရာနဲ့ ဗုံးကြဲခဲ့ရာ ရွာခံ အမျိုးသား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရေဦးမြို့နယ်
ရွှေဘိုခရိုင်ထဲ ပါဝင်ပြီး အာဏာသိမ်း စစ်အုပ်စုက သီးခြားခရိုင်မြို့အဖြစ် သတ်မှတ်ထားတဲ့ ရေဦးမြို့မှာလည်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အင်အားတိုးပြီး မြို့ကို ပိတ်ဆို့တာ၊ မြို့ပတ်လည် လက်နက်ကြီးထုတာ၊ မြို့အနီးဝန်းကျင် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ရေဦးမြို့ပြင်မှာ တိုက်ပွဲတွေ ဖြစ်နေသလို ပစ်ခတ်သ့တွေ ပေါက်ကွဲသံတွေလည်း ကြားနေရပြီး စစ်အုပ်စုကတော့ မြို့ထဲမှာ ရှိနေတဲ့ ပြည်သူတွေကို မဲလာထည့်ဖို့ လာရောက်ခိုင်းစေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲကတော့ အသွားအလာတွေ ရှင်းနေတယ်။ လုံခြုံရေးတွေကတော့ အထပ်ထပ် ချထားတယ်။ ကင်းတွေလည်း ပတ်နေတာ။ မြို့ပတ်ဝန်းကျင်မှာတော့ စစ်ကြောင်းတွေ ထိုးနေတယ်။ မနေ့က တိုက်ပွဲ ဖြစ်တယ်နဲ့ တူတယ် လက်နက်ကြီးသံတွေပါ ကြားရတာ။ မဲလာထည့်ကြဖို့လည်း ပြောနေတာ။ လာမထည့်ရင် ဖမ်းမယ်လို့လည်း အသံတွေကြားရတယ်”
ဝန်းသိုမြို့နယ်

ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ လတ်တလော မြို့ပေါ် တိုက်ပွဲမရှိပေမယ့် ကျေးရွာတွေဘက်မှာ ပ်စခတ်တိုက်ခိုက်မှုတွေ ရှိနေပြီး စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲ၊ လက်နက်ကြီးထုတာတွေ လုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ မြို့ခံပြည်သူတွေ အနေနဲ့ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့ထဲကနေ ထွက်ခွာကြဖို့ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း – WPDF က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ဝန်းသိုနယ်ထဲ ရွေးကောက်ပွဲ လုပ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းတယ်လို့ ဆိုကာ ဒီဇင်ဘာလထဲက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်က ဝန်းသိုမြို့ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ ထဲက ထွက်လာပြီး သြဂ၊ အာမခံနဲ့ ညောင်ပင်သာကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ပြန်ဆုတ်ပြေးပြီး အလောင်းနဲ့ လက်နက်တွေ ရသလို သုံ့ပန်း ခုနှစ်ယောက် ဖမ်းမိတယ်လို့ WPDF က MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၈ရက်ကလည်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ရွာခံပြည်သူ အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ၇နာရီခွဲလောက်မှာ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ငါးကြိမ် ဗုံးကြဲသွားပါတယ်။ လက်တလောတော့ နှစ်ယောက်ထိထားတယ် ကြားရတယ်။ အသက်ကြီးပိုင်း အမျိုးသမီး သေတယ်တဲ့။ နမ်းခမ်းရွာ အရှေ့စက်ရက်ကွက်၊ ဆေးရုံအနီးတဝိုက်၊ ဘူတာစုရက်ကွက်ကို ပတ်ပြီး ကြဲသွားတယ်။ အရှေ့စက်ရက်ကွက်ကို အဓိက ကြဲတာ၊ ၉ဗုံး) ငါးလုံးလောက် ရှိတယ် အိမ်တွေလည်း မီးတွေလောင်နေတယ်။ တိုက်ပွဲမရှိဘူး၊ အကြောင်းမဲ့သက်သက်ကို ကြဲသွားတာပါဗျ”


မင်းကင်းမြို့နယ်
ကလေးခရိုင်ထဲက ချင်းတွင်းမြစ်ရိုးရှိ မင်းကင်းမြို့ပေါ်မှာလည်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေပြီး ယခုရက်ပိုင်း Mi-17 ရဟတ်ယာဉ်တွေနဲ့ လူနဲ့ရိက္ခာ ဖြည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက မြို့နယ်ပေါင်း ၂၅ နယ်ကို အပိုင်း သုံးပိုင်းခွဲကာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီး အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်မှာ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ တမူး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ မြို့နယ် ၁၂ မြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
မနက်ဖန် ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂အဖြစ် စစ်ကိုင်းတိုင်းထဲက ၁၁ မြို့နယ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ထပ်လုပ်မှာ ဖြစ်ပြီး အဲ့ဒီ ၁၁မြို့နယ်ထဲ ရပ်ကွက်၊ကျေးရွာအုပ်စု ၆၃ ခုမှာသာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ကာ မဲရုံ ၁၁၆ ရုံ ထားရှိမယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။
စစ်အုပ်စုက ၁၁မြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်မယ်ဆိုပေမယ့် မင်းကင်း၊ ဝန်းသို၊ မော်လိုက်နဲ့ ရေဦး စုစုပေါင်း လေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်သူ မရှိလို့ စစ်အုပ်စု ကိုယ်စားလှယ်က အလိုအလျှောက် အနိုင်ရပြီး ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲ စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ် ၂၅ ခုအနက် ရွေးကောက်ပွဲ အပိုင်း ၁နဲ့ အပိုင်း ၂အဖြစ် လုပ်တဲ့ မြို့နယ် ၂၀ မှာ နယ်မြေမစိုးမိုးနိုင်လို့ ရပ်ကွက်၊ကျေးရွာအုပ်စု ၉၀၂ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ စစ်အုပ်စုက သူတို့ ထိန်းချုပ်ထားတဲ့ မြို့ပေါ် ရပ်ကွက်တွေမှာသာ အယောင်ပြ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီ ၂၅ရက်မှာ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကနီ မြို့နယ်တို့မှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ ထပ်လုပ်ဦးမှာ ဖြစ်ပြီး ကျန်တဲ့ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ပုလဲ၊ ယင်းမာပင်၊ မြောင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက် စတဲ့ ၁၀ မြို့နယ်ကိုတော့ နယ်မြေအစိုးမိုးနိုင်လို့ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်အုပ်စုက ကြေညာထားပါတယ်။
နိုင်ငံတဝန်း အပိုင်း သုံးပိုင်းနဲ့ ကျင်းပနေတဲ့ အတုယောင် ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် ကိုးခု၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ၅၆ ခု စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ကျန်တဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်း ၇၁၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်အုပ်စုက တနိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် မြို့နယ် ၂၆၀ ကျော်ကို အပိုင်း သုံးပိုင်းခွဲကာ အယောင်ပြ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး အပိုင်း(၁) အဖြစ် မြို့နယ် ၁၀၂ မြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

မနက်ဖန် ရွေးကောက်ပွဲ လုပ်မယ့် ဘုတလင်နယ်မှာ စစ်အုပ်စုက ဗုံးကြဲ၊ စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေနဲ့ ဝန်းသိုနယ်ကို စစ်အုပ်စုက ဗုံးကြဲလို့ နေအိမ်တွေ မီးလောင် ပျက်စီးစဉ်/Photo – CJ၊ ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



