စစ်ကိုင်းသတင်း

ခင်ဦးနယ်က မန္တလေးစစ်ရှောင်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အများအပြား ဒဏ်ရာရ၊

နွေဦး/MFP၊ ဇန်နဝါရီ – ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း မှာရှိတဲ့ ကျေးရွာတွေမှာရှိနေတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာအနီးကို ဇန်နဝါရီလ  ၁၀ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာသုံးစင်းနဲ့ စစ်အုပ်စုတပ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း စဉ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်တွေကနေ နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေအများအပြား နေထိုင်နေတယ်လို့လည်း ဆိုပါတယ်။

မိတ္ထိလာလေတပ်နဲ့တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာသုံးစင်းဟာ ခင်ဦးနယ်

အရှေ့ခြမ်းက စစ်ရှောင်တွေနေထိုင်ရာအနီးကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အများအပြားထိခိုက်ဒဏ်ရာရထားပြီး အရေအတွက်ကိုတော့ စာရင်းကောက်ယူနေတုန်းလို့ ခင်ဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မန်းတိုင်းဘက်က စစ်ရှောင်တွေ နေတဲ့နေရာတွေ လာကြဲနေပါတယ်၊ ၅ရက်နေ့က ကုန်းကြီး စာသင်ကျောင်း လာကြဲတာ ပြည်သူ သုံးဦးသေဆုံး ငါးဦး ဒဏ်ရာရ နှစ်ဦး စိုးရိမ်ရတယ်။ ၉ရက်နေ့ည လယ်သစ်တော အရှေ့ လာကြဲတာ ပြည်သူလေးဦး ဒဏ်ရာရပြီး နှစ်ဦးစိုးရိမ်ရပါတယ်။ ဒီနေ့ ၁၀ရက်နေ့ လာကြဲတာလည်း သင်ပေါင်းဝန်းကျင်ပါပဲ။ ထိခိုက်များတယ် အသေးစိတ် စိစ်နေဆဲပါဗျ”

စစ်အုပ်စုတပ်ဟာ ခင်ဦးမြို့နယ်အတွင်းက မန္တလေးစစ်ရှောင်တွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးတွေကြဲချတိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကလည်း လယ်သစ်တောရွာက ရက်လည်တရားနာဆွမ်းကျွေးပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နာရေးအိမ်အနီးကို စစ်အုပ်စုတပ်လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးဒဏ်ရာရခဲ့ပါတယ်။

နေပြည်တော်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ ခင်ဦးနယ်အရှေ့ခြမ်း လယ်သစ်တောရွာအနောက်ပိုင်းကို ပေါင် ၂၅၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ လေးဦးအထဲက နှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

အလားတူ ဇန်နဝါရီလ ၉ ရက်ညနေပိုင်းမှာပဲ  ယင်းမာပင်မြို့နယ်၊ မြောက်ယမားချောင်းဘေးက ပြန်လှည့်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စက်တပ်လေထီး (Paramotor – ပါရာမော်တာ)နဲ့ ဗုံးပတ်ကြဲခဲ့ရာမှာ ရွာခံပြည်သူ လေးဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ အကြိမ် ၅၀ အထိအများဆုံးဗုံးကြဲတိုက်ခိုက်ခံနေရပြီး စစ်အုပ်စုတပ်က ကုန်ကျစားရိတ်သက်သာတဲ့ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတွေ ပိုအသုံးများလာသလို 

စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေ အပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တိုက်ခိုက်နေတာ တွေ့ရတယ်လို့ MDIS က ထုတ်ပြန်ထားပါတယ်။

ခင်ဦးနယ် ကုန်းကြီးရွာစာသင်ကျောင်းကို ဇန်နဝါရီလ ၅ ရက်က စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button