မန္တလေးမြို့ခံတွေ ငလျင်ထင်ခဲ့တဲ့ မင်းကွန်း စာသင်ကျောင်း ဗုံးကြဲခံရမှု ကျောင်းဆောင်တွေ ပျက်စီး၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၀
မန္တလေးမြို့ပေါ်နေသူတွေ ပေါက်ကွဲသံကြားရပြီး ငလျင်လှုပ်တယ်ထင်ကာ ထိတ်လန့်ခဲ့ရတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ထုံးဘိုကျေးရွာရှိ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ ၉ရက် ည ၈နာရီအချိန် မန္တလေးမြို့ရဲ့ မြစ်တဖက်ကမ်း၊ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်း၊ မင်းကွန်းအနီး ထုံးဘိုရွာ စာသင်ကျောင်းကို စစ်အုပ်စုက မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ J-Fighter တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
ဗုံးထိလို့ ကျောင်းဆောင်တွေ ပျက်စီးကာ လူသူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ စာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ပေါက်ကွဲတဲ့အသံကို ငလျင်လှုပ်တယ်ထင်ကာ မန္တလေးမြို့ခံတချို့ နေအိမ်တွေပေါ်ကနေ ဆင်းပြေးကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ငလျင်ကြီးရယ် မလှုပ်ပါနဲ့တော့၊ ပြည်သူပြည်သားတွေ တော်တော်လေး တုန်လှုပ်ခြောက်ခြားပြီး ကြောက်နေကြပါပြီ” လို့ မန္တလေးမြို့မှာ နေသူတစ်ဦးက လူမူကွန်ယက်မှာ ရေးပါတယ်။
စစ်အုပ်စုဟာ ရန်ကုန်၊ မန္တလေးနဲ့ မိတ္ထီလာ စတဲ့ သူတို့ ကြီးစိုးထားတဲ့ မြို့တွေကို ဗုံးမကြဲပေမယ့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို စစ်အုပ်စုက ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရွာ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



