MN/MFP ၊ ဇန်နဝါရီ – ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက စစ်အုပ်စု စက်တပ်လေထီး ပါရာမိုတာနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချောင်းဦးမြို့ အနောက်ခြမ်းရှိ တောင်ဖီလာရွာနဲ့ ညောင်ပင်တဲ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်အုပ်စု ပါရာမိုတာနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“စက်တပ်လေထီးနဲ့ ဗုံးကြဲသွားတာက ချောင်းဦးနယ်အလယ်ခြမ်းက ညောင်ပင်တဲ(ရွာ)နဲ့ တောင်ဖီလာရွာပါ။ ညောင်ပင်တဲရွာက အသက် ၁၀ နှစ်ဝန်းကျင်နဲ့ ၁၀ နှစ်အောက်ရှိတဲ့ မိန်းကလေး နှစ်ဦးနဲ့ တောင်ဖီလာရွာက အမျိုးသား တစ်ဦး သေဆုံးသွားတာပါဗျ။ တိုက်ပွဲမရှိပါဘူး။ ရွေးကောက်ပွဲကြောင့်လားဆိုတာကတော့ မပြောတတ်ဘူး”
ဒီကနေ့ မနက်ပိုင်း ချောင်းဦးနယ်ထဲက ညောင်ပင်တဲရွာနဲ့ တောင်ဖီလာရွာကို စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ နေရာမှာတင် သေဆုံးသွားခဲ့ပြီး နောက်ထပ် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကတော့ ဆေးဝါးကုသမှုခံယူနေချိန်မှာ ထပ်မံသေဆုံးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။
ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာ၊ မြေပြင်စစ်ကြောင်းထိုး မီးရှို့ပြီး ဒေသခံတွေကို သတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းကလည်း ချောင်းဦးနယ်အနောက်ခြမ်းရှိ တောကျောင်းလေးရွာ လက်ဖက်ရည်ဆိုင်ပေါ်ကို ဂျိုင်ရိုကော်ပတာ နှစ်စင်းနဲ့ လေကြောင်း ဗုံးကြဲခဲ့လို့ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
ရွေးကောက်ပွဲလုပ်မယ့် ချောင်းဦးမြို့နယ်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းကစပြီး လက်ရှိအချိန်အထိ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းက ဗုံးကြဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနက်ဖြန် ဇန်နဝါရီ ၁၁ ရက်မှာ ချောင်းဦးမြို့ပေါ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း( ၂ )ကျင်းပဖို့ ပြင်ဆင်နေပြီး ဒေသခံတွေနဲ့ Non CDM ဝန်ထမ်းတွေကို မဲပေးစက်နဲ့ အစမ်းမဲပေးခိုင်းတာတွေ လုပ်ဆောင်နေသလို မြို့ပေါ်မဲရုံဝွေမှာလည်း စစ်အုပ်စု လုံခြုံရေးအင်အားတိုးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနက်ဖြန်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ချောင်းဦးမြို့ပေါ် ရပ်ကွက် ခြောက်ရပ်ကွက်မှာ မဲရုံပေါင်း ၁၂ ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၆,၇၇၀ ဦးရှိတယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက ချောင်းဦးမြို့ပေါ် ရပ်ကွက်တွေမှာသာ ရွေးကောက်ပွဲပြုလုပ်နိုင်မှာြဖစ်ပြီး ချောင်းဦးနယ်ထဲက ကျေးရွာအုပ်စုပေါင်း ၂၆ ခုမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်
ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စု ရွေးကောက်ပွဲ အပိုင်း ၂ မှာ စစ်ကိုင်းတိုင်းထဲက ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်း၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်၊ မြင်းမူ၊ ရေဦး၊ ကျွန်းလှ၊ ဝန်းသို စတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ချောင်းဦးနယ် အနောက်ခြမ်းရှိ တောကျောင်းလေးရွာကို ဇန်နဝါရီ ၇ ရက်က စစ်အုပ်စု လေကြောင်းက ဗုံးကြဲခံရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



