ဘူးလက်လှဆွေရဲ့ မြောက်ခင်ရန်း ပျူရွာ အပါအဝင် ဂန့်ဂေါနယ် စစ်စခန်းတွေကို တိုက်ခိုက်၊
စစ်အုပ်စုနဲ့ပျူ ၄၀ ကျော် သေပြီး သေနတ်ရှစ်လက် အပါအဝင် ခဲယမ်းတွေ ရရှိ၊
စစ်အုပ်စုနဲ့ပျူ ၄၀ ကျော် သေပြီး သေနတ်ရှစ်လက် အပါအဝင် ခဲယမ်းတွေ ရရှိ၊
တေဇ/MFP၊ ဇန်နဝါရီ – ၁၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဘူးလက်လှဆွေ အခြေပြုရာ မြောက်ခင်ရန်းရွာ ပျူစခန်း အပါအဝင် ယောဒေသရှိ စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ ရန်သူ ၄၂ ယောက် သေပြီး သေနတ် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF ၊ ဂန့်ဂေါခရိုင် စစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဂန့်ဂေါခရိုင်စစ်ဌာနက Yawland Operation စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာ ၂၇ရက်ကစလို့ ယောဒေသ အတွင်းရှိ စစ်အုပ်စုနဲ့ ပျူတွေ တပ်စွဲထားတဲ့ ပျူရွာနဲ့ စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါနယ်ရှိ မြောက်ခင်ရန်းရွာ ပျူစခန်းဟာ စစ်ဗိုလ်ဟောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမတ်ဟောင်း ဘူးလက်လှဆွေ အခြေပြုရာ နေရာဖြစ်ပြီး စစ်အုပ်စုနဲ့ ပျူ အင်အား ၃၀၀ လောက် ရှိကာ ဗိုလ်မှူးအဆင့်က ဦးဆောင် ကွပ်ကဲနေတာလို့ ဘူးလက်လှဆွေက ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒီဇင်ဘာ ၂၇ရက်က အဲ့ဒီ မြောက်ခင်ရမ်းရွာ ပျူစခန်း အပါအဝင် ဝင်ဝ(ပျူ)ရွာ၊ လယ်ကြီးအရှေ့(ပျူ)ရွာ၊ လယ်ကြီး အနောက်(ပျူ)ရွာ၊ ရွှေမြစ်သာ(ပျူ)ရွာနဲ့ တောကျောင်း ကာကင်းစခန်းတို့ကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဝင်ဝ(ပျူ)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၇နဲ့ ၂၉ရက်တွေမှာ မြောက်ခင်ရမ်း(ပျူ)ရွာနဲ့ လယ်ကြီး အရှေ့(ပျူ)ရွာတို့ကို တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၃၀ရက်မှာ မြောက်ခင်ရမ်း (ပျူ)ရွာထဲက ထွက်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုနဲ့ ပျူ ခြောက်ယောက် သေကာ အများအပြား ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၄ရက် မနက်ပိုင်းမှာ ရွှေမြစ်သာ(ပျူ)ရွာကို ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ မနက် ၉နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
“စစ်ဆင်ရေးကာလအတွင်း လက်ရှိအချိန်အထိ ရန်သူဘက်မှ ၄၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရထား” လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ဖော်ပြပါတယ်။
လက်ရှိအချိန်ထိ စစ်အုပ်စုနဲ့ ပျူတွေထဲကနေ G3 သေနတ် လေးလက် ၊ ကာဘိုင် နှစ်လက် ၊ ခါးချိုး နှစ်လက် ၊ Jumber တစ်လုံး ၊ ဗုံးသီး၊ ကျည်၊ စကားပြောစက် စတာတွေ သိမ်းဆည်း ရရှိထားတယ်လို့ ဆိုပါတယ်။
Yawland Operation စစ်ဆင်ရေးအတွင်း ပြည်သူတွေ အထိအခိုက် မရှိစေဖို့ နေရာပြောင်းရွှေ့ ကူညီပေးထားတယ်လို့လည်း ဆိုပါတယ်။
“မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအနေဖြင့် ဒေသခံပြည်သူများအား လုံခြုံသော နေရာသို့ ရွေ့ပြောင်းထားပြီး လိုအပ်သော ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ထားရှိပါသည်” လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ဖော်ပြပါတယ်။
အဲ့ဒီ စစ်ဆင်ရေးမှာ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) ပူးပေါင်းအဖွဲ့ တို့ ပါဝင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုကလည်း ဂန့်ဂေါနယ် အပါအဝင် ယောဒေသထဲ နေ့စဉ် လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းစ ကတည်းက ဘူးလက်လှဆွေဟာ မင်းအောင်လှိုင်ရဲ့ အထောက်အပံ့နဲ့ ဒေသခံတွေကို ပျူသင်တန်းပေး၊ လက်နက်တပ်ဆင်ပေးကာ ဒေသတွင်း ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူနေတာ ဖြစ်ပါတယ်။
Yawland Operation စစ်ဆင်ရေးအတွင်း သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – ဂန့်ဂေါခရိုင် စစ်ဌာန
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



