
မဲရုံစောင့် တာဝန်ကျတဲ့ Non CDM တွေကို ညအိပ်စောင့်ခိုင်း၊
ဖိုးချို/MFP၊ ဇန်နဝါရီ – ၁၀
မန္တလေးမြို့ပေါ် ရပ်ကွက်တချို့မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက လမ်းဘေးစျေးဆိုင်တွေကို ဒီကနေ့နဲ့ မနက်ဖန် နှစ်ရက် စျေးရောင်းခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ၁၀ရက်နဲ့ ၁၁ရက်တွေမှာ စျေးမရောင်းဖို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲရှိ လမ်းဘေးစျေးဆိုင် တချို့ကို စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဆိုသူတွေက လိုက်လံ ပိတ်ပင်ထားတာလို့ ဆိုပါတယ်။
မဲရုံအနီးက ဈေးဆိုင်တွေ၊ ဈေးသည်တွေကို အဓိကထား ပိတ်ခိုင်းထားတယ်လို့ သတင်းကြားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်၊ အရင်ကဆို အဲဒီလမ်းပေါ်မှာ လမ်းဘေးဝဲ၊ယာ တလျောက် အစားအသောက် ရောင်းတဲ့ လမ်းဘေးဈေးဆိုင်လေးတွေ အများကြီး ရှိတယ်၊ ဒီနေ့ တစ်ဆိုင်မှ မတွေ့ရဘူး၊ ရွေးကောက်ပွဲနေ့ရယ်၊ မတိုင်ခင် အကြိုတစ်ရက်ရယ် နှစ်ရက်ပိတ်ရတယ်လို့ ကြားတယ်၊ လန်ဒန်ဝင်းရပ်ကွက်ထဲ က လမ်းဈေးလည်း ပိတ်ရတယ်ကြားတယ်”
ဒါ့အပြင် စစ်အုပ်စုက မဲရုံစောင့် တာဝန်ကျသူတွေကို ညအိပ်စောင့်ခိုင်းတာမျိုးလည်း ရှိတယ်လို့ မဲရုံတစ်ရုံမှာ တာဝန်ကျတဲ့ မန္တလေးမြို့ခံ Non CDM ဝန်ထမ်းတစ်ဦး MFP ကို ပြောပါတယ်။
“အရင်ရွေးကောက်ပွဲတွေတုန်းက အာ့လို ညစောင့်အိပ်ရတာ မရှိဘူး၊ မနက်မှ အချိန်မီ သွားကြရတာ၊ အခုကျမှ သူတို့ ဘာသာသူတို့ လုံခြုံရေး စိတ်မချဖြစ်ပြီး အိပ်ခိုင်းတာ”

မန္တလေးမြို့တွင်းရှိ ရွေးကောက်ပွဲ လုပ်မယ့် မဲရုံတွေအနီး စစ်အုပ်စု လက်နက်ကိုင်တွေဖြစ်တဲ့ ရဲ၊ ပျုစောထီး၊ အပြာဝတ်နဲ့ မီးသတ်တွေကို လုံခြုံရေးအသောင့်ချထားတာလည်း တွေ့ရသလို မဲရုံရှေ့က လမ်းတွေကိုလည်း ကြိုးတားကာ ပိတ်ဆို့ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ မတ္တရာ၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း နဲ့ တံတားဦးမြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ လုပ်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ် လမ်းသွားလမ်းလာတွေကို မဲပေးခိုင်းနေတဲ့ စစ်အုပ်စုကို ဇန်နဝါရီ ၉ရက်က တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



