NUG သိမ်းယူသွားတဲ့ လက်နက်တွေ ပြန်ရပြီလို့ BNRA ပြော၊
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ရဖို့ ဒီဇင်ဘာ ၂၆ရက်ကမှ ဂိတ်စဖွင့်တာလို့ဆို၊

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ရဖို့ ဒီဇင်ဘာ ၂၆ရက်ကမှ ဂိတ်စဖွင့်တာလို့ဆို၊
တေဇ၊ နန်းယု/MFP၊ ဇန်နဝါရီ – ၁၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ရဲ့ ဂိတ်နှစ်ဂိတ်ကို ဇန်နဝါရီ ၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေက ဝင်ရောက် စီးနင်းပြီး သိမ်းယူသွားတဲ့ လက်နက် ၁၀ လက်အနက် ကိုးလက်ကို ပြန်လည် ရရှိပြီလို့ BNRA ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။
“ဖြစ်စဉ်အတွင်းမှာ BNRA တပ်ရင်းမှ ရဲဘော်တွေ လိုက်ပါသွားတဲ့အခါ လက်နက် ၁၀ လက်အနက် ကိုးလက်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ လက်နက် တစ်လက်ကိုတော့ အထက်အမိန့်အရ မှတ်တမ်းတင်ဖို့ ယူသွားပြီး ပြန်ပေးမယ်လို့ ပြောခဲ့ပေမယ့် ယခုထိ ပြန်လည် မရရှိသေးပါဘူး။ ဒါ့အပြင် ရဲဘော်တွေ ရဲ့ ကျောပိုးအိတ်နဲ့ ကိုယ်ပိုင်ပစ္စည်း တချို့လည်း ပါသွားခဲ့ပေမယ့် ကျည်ပေါက်တာ၊ လူ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး”
ပုလဲမြို့နယ် ချင်ပြစ်ရွာနဲ့ မရိုးတုန်းရွာချင်း ဆက်သွယ်တဲ့ လမ်းပေါ်ရှိ ဂိတ်တစ်ခုနဲ့ ပုပ္ပါရွာအနီး တည်ရှိတဲ့ ဂိတ်တစ်ခုကို ဇန်နဝါရီ ၉ရက်က ရှင်းလင်းပိတ်သိမ်းကာ လက်နက် ၁၀ လက် သိမ်းယူခဲ့တာလို့ NUG ရဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ဦးဇော်ထက် က MFP ကို ပြောပါတယ်။
“ပြည်သူလူထုထံကနေ ငွေကြေးကောက်ခံနေတဲ့ တရားမဝင် ဂိတ်တွေကို ရှင်းလင်းတာပါ။ တရားမဝင် ဂိတ် နှစ်ဂိတ်က လက်နက်တွေ သိမ်းလိုက်ပါတယ်။ လူတွေကိုတော့ မဖမ်းလိုက်ပါဘူး။ နောက်နောင် ဒီလို တရားမဝင် ငွေကြေးကောက်ခံတာတွေ မလုပ်ဖို့ ပြောလိုက်ပါတယ်“
အဲဒီ ဂိတ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူဆီကနေ တရားမဝင်ငွေကြေး ကောက်ခံနေတာကြောင့် အခုလို ချေးမှုန်းလိုက်တာဖြစ်ကာ နောက်နောင် ဒီလို တရားမဝင် ငွေကြေး ကောက်ခံတာတွေ မလုပ်ဖို့လည်း သတိပေးထားတယ်လို့ ဦးဇော်ထက်က ဆက်ပြောပါတယ်။
“နောက်ထပ်ဂိတ်တွေက ရှိပါသေးတယ်။ ခုထိတော့ ငွေကြေးကောက်တာ မရှိသေးပါဘူး။ BNRA က တော်လှန်ရေးကို ဖြောင့်ဖြောင့်မှန်မှန်လုပ်ရင် ချေမှုန်းစရာ မလိုပါဘူး”

ဒီကိစ္စနဲ့ပတ်သက်ပြီး BNRA က ပြောကြားရာမှာ သူတို့တပ်ဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တပ်ဖွဲ့ရန်ပုံငွေနဲ့ စိုက်ထုတ်သုံးစွဲကာ လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ ဒေသလိုအပ်ချက်အရ ဒီဇင်ဘာ ၂၆ရက်ကမှ ရန်ပုံငွေဂိတ်တွေ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ MFP ကို ပြောပါတယ်။
“ပုလဲနယ်မှာရှိတဲ့ BNRA ရဲဘော်တွေ တာဝန်ကျနေတဲ့ ဂိတ်တွေကို ကာကွယ်ရေးဝန်ကြီးဌာန ခရိုင်ရင်းများက သာလွန်အင်အားနဲ့ လက်နက်ဖြုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဂိတ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်မှုလွဲမှားနေမှာ စိုးရိမ်လို့ တစ်ချက်ရှင်းပြချင်ပါတယ်။ BNRA ဟာ အစကတည်းက တပ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အခွန်ကောက်တာ၊ သံယံဇာတသုံးစွဲတာ၊ ဂိတ်ကောက်တာတွေကို လုံးဝ မလုပ်ခဲ့ပါဘူး။ ဒေသတွင်း လူထု လိုအပ်ချက်တွေကိုတောင် တပ် ရန်ပုံငွေထဲကနေ ဖဲ့ထုတ်ပြီး အစဉ်တစိုက် ကူညီပံ့ပိုးပေးလာခဲ့တာပါ။ ဒါပေမယ့် တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ ဒေသခံပြည်သူ လိုအပ်ချက်တွေက ပိုမိုများပြားလာပြီး တပ်ရန်ပုံငွေထဲကသာ ဆက်လက် ထောက်ပံ့ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး ဒေသလိုအပ်ချက် အတွက်သာ အသုံးပြုမယ့် ရန်ပုံငွေဂိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိတ်တွေနဲ့ ပတ်သက်ပြီးတော့ တလပြည့်တဲ့အချိန်မှာ စာရင်းဇယား အပြည့်အစုံနဲ့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့်တော့ တလပြည့်မစောင့်ဘဲ အမြန်ဆုံး ချပြနိုင်ဖို့ ကျွန်တော့် အထက် အရာရှိတွေကို အကြံပေးထားပြီး ဖြစ်ပါတယ်” လို့ BNRA ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

လတ်တလော BNRA နဲ့ NUG တပ်ရင်းတွေကြား ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြေလည်ပြီလို့ ပြောမရသေးဘူးလို့လည်း BNRA က ဆိုပါတယ်။
“ဒီလိုပြဿနာမျိုးကို ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဖြစ်စဉ်တိုင်းမှာ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကို ရုံးစာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါဘူး။ လက်ရှိအခြေအနေမှာတော့ ဘယ်လို တုံ့ပြန်ဖြေရှင်းရမလဲ ဆိုတာထက် ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမလဲဆိုတာကို အလေးထား စဉ်းစားနေရတဲ့ အခြေအနေဖြစ်ပါတယ်”
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အခြေပြုလှုပ်ရှားတဲ့ BNRA နဲ့ NUG တပ်ရင်းတပ်ဖွဲ့တွေကြား ယခင်ကလည်း မပြေလည်ဘဲ အဖုအထစ်တချို့ ရှိခဲ့ပြီး BNRA မဖွဲ့စည်းမီ NUG လက်အောက် ဝင်ရောက်ခဲ့တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ တပ်ရင်းတချို့ကို NUG က ထုတ်ပယ်တာမျိုးတွေလည်း လုပ်ခဲ့ပါသေးတယ်။


ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်ဖွဲ့/Photo – BNRA
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



