စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ရွေးကောက်ပွဲအကြိုနေ့ ခင်ဦးနယ်ကို စစ်အုပ်စုက တိုက်လေယာဉ် ခြောက်စီးနဲ့ အကြိမ် ၂၀ ကျော် ဗုံးကြဲ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၀

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲအကြိုနေ့ Silent Day မှာ တိုက်လေယာဉ် ခြောက်စီးနဲ့ အကြိမ် ၂၀ ကျော် ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနက်ဖန် ဇန်နဝါရီ ၁၁ရက်မှာ စစ်အုပ်စုက ခင်ဦးမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်မှာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၀ရက်မှာ ခင်ဦးနယ် ကျေးရွာတွေကို တိုက်လေယာဉ် ခြောက်စီးနဲ့ ဗုံးပတ်ကြဲတာ ဖြစ်ပါတယ်။

“ခင်ဦးအရှေ့ခြမ်း မြစ်ဆိပ်တဝိုက်တဲ့။ တရက်ထဲ (တိုက်လေယာဉ်) သုံးစီးတွဲ နှစ်ကြိမ်၊ ပေါင်း ခြောက်စီးတဲ့။ ပစ်တာပါ၊ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်တယ်။ ဗုံးကြဲပြီး စက်လက်တွေနဲ့ပါ ဆွဲပုံပဲ” လို့ ခင်ဦးနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့ တံတားဦးလေဆိပ်နဲ့ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ပြည်သူကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲတာ ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ပထမအကြိမ်အဖြစ် တိုက်လေယာဉ် သုံးစီးနဲ့ ၁၀ ကြိမ်၊ ညနေပိုင်းမှာ တိုက်လေယာဉ် သုံးစီးနဲ့ ၁၃ကြိမ် ဗုံးကြဲချခဲ့တာ ဖြစ်တယ်လို့ ဒေသခံ မြေပြင်ကင်းထောက်တွေက ဆိုပါတယ်။

ဇန်နဝါရီ ၉ရက် မနေ့က ညဦးပိုင်းမှာလည်း ခင်ဦးမြို့နယ်အရှေ့ခြမ်း လယ်သစ်တောကျေးရွာရှိ နာရေးရက်လည် တရားနာအိမ်တစ်အိမ်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ရွာခံ အရပ်သားပြည်သူ လေးဦး ဒဏ်ရာရပြီး နှစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ခင်ဦးနယ်မှာ နှစ်ရက်အတွင်း အကြိမ် ၂၀ ကျော် ဗုံးကြဲမှု အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူအပေါ် စစ်အုပ်စုက ထင်တိုင်းကျဲ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူ၊ အပြစ်ပေးနိုင်ဖို့ ကြိုးစားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန – MOHR က ထုတ်ပြန်ပါတယ်။

“(ခင်ဦးနယ် အကြိမ် ၂၀ကျော် ဗုံးကြဲခံရမှု) ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်လက်တွေ ရရှိနိုင်ဖို့၊ တရားမျှတမှုအတွက် နိုင်ငံတကာကို ပေးပို့နိုင်ဖို့ အချက်အလက် ကောက်ယူမှုတွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အစွမ်းကုန်ကြိုးစားနေပြီး ရရှိပါက လူထုကိုလည်း ပြန်လည် တင်ပြသွားမှာ ဖြစ်ပါတယ်။ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို မြေပြင်မှာ သိရှိရတဲ့ အချက်အလက်၊ သက်သေ မှတ်တမ်းတွေကို ရနိုင်သမျှ စုစည်းပြီး ဝန်ကြီးဌာနကိုပေးဖို့ နိုင်ဖို့တောင်းဆိုပါတယ်” လို့ MOHR က ဆိုပါတယ်။

ဇန်နဝါရီ ၅ရက် ညပိုင်းကလည်း ခင်ဦးမြို့နယ် အရှေ့ဖက်ခြမ်း မြေနီလျှိုလမ်းဆုံကနေ အမှတ် ၃ လမ်း (ခရိုင်ချင်းဆက်လမ်း) သွားရာ အကြားရှိ၊ စစ်ဘေးရှောင် ပြည်သူတွေ စုဝေးခိုလှုံ‌နေထိုင်ရာ ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ အနီးရှိ ဆီခြံကို စစ်အုပ်စုက မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ အရပ်သား အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း သုံးဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်အုပ်စုဟာ ရန်ကုန်၊ မန္တလေးနဲ့ မိတ္ထီလာ စတဲ့ သူတို့ ကြီးစိုးထားတဲ့ မြို့တွေကို ဗုံးမကြဲပေမယ့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ခင်ဦးမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို စစ်အုပ်စုက ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button