စလင်းမြို့မှာ စစ်အုပ်စုက မြို့ပေါ် ရွေးကောက်ပွဲလုပ်ပြီး ရွာတွေကို လက်နက်ကြီး ထု၊
တော်လှန်ရေးတပ်က စလင်းမြို့ပေါ်ရှိ စစ်အုပ်စုကို ရှော့တိုက်ဒုန်းနဲ့ ပြန်ပစ်ခတ်၊
တော်လှန်ရေးတပ်က စလင်းမြို့ပေါ်ရှိ စစ်အုပ်စုကို ရှော့တိုက်ဒုန်းနဲ့ ပြန်ပစ်ခတ်၊
စစ်အုပ်စုက စစ်ဘေးရှောင်တွေကို နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲလို့ လူ ၂၀ ကျော် ဒဏ်ရာရ၊
MN/MFP ၊ ဇန်နဝါရီ – ၁၁
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်း ရွေးကောက်ပွဲလုပ်နေချိန် စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း ရှော့တိုက်ဒုန်းနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“စလင်း အထက(၁)ရဲ့ အနောက်ဖက် စေတီလှ ဘုရားဝန်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာ။ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ဘက်ကလည်း အဲဒီ စေတီလှ ဘုရားဘက်ကို ရှော့တိုက်ဒုန်းနဲ့ ပြန်ပစ်ခတ်တယ်။ အထိခိုက်တော့ မသိရသေးဘူး။ စလင်းမြို့ပေါ်မှာလည်း ဒီကနေ့ အထက(၁)နဲ့ (၂)မှာ ရွေးကောက်ပွဲ လုပ်နေတာ။ မဲပေးကြတဲ့သူတွေ ရှိပေမဲ့ လူကတော့ နည်းတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စလင်းမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၃ရက်က စတင်ကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး မြို့ကို ပိတ်ဆို့ထားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MODက သတင်း ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ စလင်းမြို့ပေါ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ရေး အင်အားတွေ ထပ်တိုးထားပြီး မြို့ပေါ်မှာ အင်အား ၂၀၀ ကျော်နဲ့ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စလင်းမြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြပြီ ဖြစ်ပေမဲ့ စစ်အုပ်စုက မတိမ်းရှောင်နိုင်တဲ့ မြို့ခံ ပြည်သူတွေကို အတင်းအကျပ် ခြိမ်းခြောက်ကာ မဲထည့်ခိုင်းနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
စလင်းမြို့နည်းတူ ဆင်ဖြူကျွန်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်အုပ်စုကလည်း စစ်ဘေးမတိမ်းရှောင်နိုင်ဘဲ မြို့ထဲမှာကျန်ရှိနေတဲ့ မြို့ခံတွေနဲ့ Non CDM ဝန်ထမ်းတွေကို ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နဲ့ ဇန်နဝါရီ ၁၀ ရက် ရွေးကောက်ပွဲအကြိုညမှာ စစ်အုပ်စုက ဆင်ဖြူကျွန်းမြို့အနီးရှိ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်က ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နဲ့ စလင်းချောင်းမြောက်ဘက်က ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲရာ ဒေသခံ လေးဦး ဒဏ်ရာရပြီး နွားသုံးကောင် သေဆုံးခဲ့သလို ဇန်နဝါရီ ၁၀ ရက် မနေ့က ညပိုင်းမှာလည်း ဆင်ဖြူကျွန်းမြို့အနီးရှိ နွယ်တမယ်ရွာက စစ်ရှောင်ပြည်သူတွေရှိတဲ့ နေရာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်ပြည်သူ ၁၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် စလင်းမြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင် နေရသူ ၇၀၀၀ ကျော် ရှိပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။
စစ်အုပ်စု အနေနဲ့ စလင်းမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်နေပေမယ့် စလင်းမြို့ပေါ်နဲ့ ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက်တွေမှာသာ ရွေးကောက်ပွဲ လုပ်နိုင်ပြီး ကျေးရွာအုပ်စု ၈၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းထဲမှာ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် စလင်း၊ ဆိပ်ဖြူ၊ မြို့သစ်၊ နတ်မောက်၊ ဂန့်ဂေါ၊ ငဖဲ၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ စတဲ့ မြို့နယ် ၁၁ ခုမှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် မြို့နယ်တွေထဲ မြို့ပေါ်ရပ်ကွက်တွေမှာသာ ရွေးကောက်ပွဲ လုပ်နိုင်ပြီး ကျေးရွာအုပ်စု ၄၁၅ ခုမှာ နယ်မြေမစိုးမိုးလို့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ကြေညာထားပါတယ်။
စလင်းမြို့မှာ စစ်အုပ်စု လုပ်တဲ့ အယောင်ပြ ရွေးကောက်ပွဲ မဲထည့်နေသူတွေနဲ့ စစ်အုပ်စုက စလင်းနယ် ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု၊ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



