စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဘုတလင်မှာ စစ်အုပ်စုက မြို့ပေါ် ရွေးကောက်ပွဲ လုပ်ပြီး ရွာတွေကို ဗုံးပတ်ကြဲ၊

ရွေးကောက်ပွဲ မဲပေးဖို့ သေနတ်ပြ ခြိမ်းခြောက်ပြီး မဲလာပေးသူတွေကို ဆန်နဲ့ဆီတွေ ပေးဝေ၊

ရွေးကောက်ပွဲ မဲပေးဖို့ သေနတ်ပြ ခြိမ်းခြောက်ပြီး မဲလာပေးသူတွေကို ဆန်နဲ့ဆီတွေ ပေးဝေ၊

သုထက် ၊MFP

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး မြို့နယ်အတွင်းက ကျေးရွာတွေကိုတော့ ဒရုန်းတွေ၊ ပါရာမော်တာ (Paramotor- စက်တပ်လေထီး) နဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁၁ရက် ဒီကနေ့ ဘုတလင်မြို့ပေါ် ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ စစ်အုပ်စုက မွန်းလွဲပိုင်းမှာ ဘုတလင်မြို့မြောက်ဘက်ရှိ တက်လှိုင်းရွာကို ရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“သူတို့ စိုးမိုးနိုင်တဲ့မြို့ပေါ်ကို မဲပေးခိုင်းပြီး မစိုးမိုးတဲ့ ကျေးလက်ကို လေကြောင်းတိုက်ခိုက်တယ်၊ ဒီလို ညစ်ပတ်တဲ့ စိတ်ဓာတ်ရှိတဲ့ စစ်ကောင်စီကို ဘယ်လိုစိတ်နဲ့ မဲပေးကြတယ်ဆိုတာ တွေးတောင်မရဘူး” လို့ ဘုတလင်နယ်ခံ အမျိုးသားတစ်ဦးက MFP ကိုပြောပါတယ်။

က်လှိုင်းရွာအနီးကို ဒရုန်းနဲ့တစ်ကြိမ်၊ ပါရာမော်တာနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာ ဖြစ်ပြီး လူသူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

ဘုတလင်မြို့ပေါ်မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲ မတိုင်မီ ဇန်နဝါရီ ၈ရက်ကတည်းက တစ်အိမ်တစ်ဆင်း လှည့်လည်ကာ ရွေးကောက်ပွဲ မဲလာပေးကြဖို့နဲ့ မဲရုံကို မဲလာပေးက တစ်ဦးကို ဆန် သုံးပြီ၊ ဆီတစ်ဗူးနဲ့ ခေါက်ဆွဲခြောက်တစ်ထုတ် ပေးမည်လို့ ပြောဆိုကာ လက်နက်ပြ ခြိမ်းခြောက် စည်းရုံးခဲ့တယ်လို့ မြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“မဲပေးလာဖို့ စစ်သား ခြောက်ယောက်လောက် သေနတ်တွေနဲ့ လာစည်းရုံးတယ်။ မဲပေးလာရင် ဆန်နဲ့ ဆီ ပေးမယ်လို့ ပြောသွားတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်က ဘုတလင်မြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ဘုတလင်နယ်ထဲ လေကြောင်းဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိမှာ ဘုတလင်မြို့ပေါ်က စစ်ဘေးရှောင်ပြည်သူ အများစု ဘုတလင်မြို့ပေါ် ပြန်လည် ဝင်ရောက် နေထိုင်နေကြပြီ ဖြစ်ကာ မဲမပေးလိုသူတွေကသာ ဆက်လက် စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့မှာ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အပြည့်အဝ မလည်ပတ်နိုင်တာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် ယခုဇန်နဝါရီ လဆန်းမှာ စစ်အုပ်စုက Non CDM တွေကို မုံရွာမြို့ကနေ ပြန်ခေါ်လာပြီးနောက် မြို့ကို ပိတ်ဆို့ကာ မဲပေးစက်ကိုင်တွယ်နည်း သင်တန်းပေး၊ မဲရုံဖွင့်ကာ ရွေးကောက်ပွဲကို ယခုလို ဖုတ်ပူမီးတိုက် ရွေးကောက်ပွဲ လုပ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက် သုံးရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စု ရှိပြီး အဲ့ဒီ ၅၄ အုပ်စု စလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဘုတလင်မြို့နယ်မှာ လူဦးရေ စုစုပေါင်း ၁၂၃,၅၃၉ ဦးရှိပြီး မြို့ပြလူဦးရေ ၄ ဒဿမ ၂ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၁၄ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ရွေးကောက်ပွဲ အပိုင်း ၂အဖြစ် ဘုတလင်မြို့နယ် အပါအဝင် ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ရေဦးမြို့နယ်၊ စုစုပေါင်း ၁၁ မြို့နယ်မှာ လုပ်နေတာ ဖြစ်ပါတယ်။

ဘုတလင်မြို့ပေါ်မှာ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးနေတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button