စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဒီပဲယင်းနယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲ၊ ၁၀ ရက်အတွင်း ဒုတိယအကြိမ် ဗုံးကြဲတာဖြစ်၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာ စာသင်ကျောင်းကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ လာရောက်ကာ သုံးကြိမ် ဗုံးကြဲလို့ ကျောင်းဆောင်တွေ ပျက်စီးတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၁ရက် ဒီကနေ့ ညနေ ၄နာရီခွဲအချိန်မှာ တိုက်လေယာဉ်နဲ့ စာသင်ကျောင်းတည့်တည့်ကို သုံးကြိမ် ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

“စာသင်ကျောင်းတစ်ခုလုံးနီးပါး ပျက်စီးပြီး ပြည်သူထိခိုက်ဒဏ်ရာရ သတင်း အချက်အလက် စီစစ်ဆဲ” လို့ ဒီပဲယင်း ပအဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းမြို့အနီးက ခင်ဦးနယ် အပါအဝင် နိုင်ငံတဝန်းက မြို့နယ် ၁၀၀ ရှိ ရပ်ကွက်၊ကျေးရွာ တချို့မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်နေချိန် ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း မရပ်မနားဘဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁ရက် ညဦးပိုင်းကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ကျောင်းအတွင်း ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီ ဗုံးဒဏ်ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ကျောင်းအတွင်း မနေရဲတော့ဘဲ ထပ်မံ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်းတိုင်း ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း စတဲ့ မြို့နယ်တွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံရာ နေရာတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

“စစ်ရေးပစ်မှတ် မဟုတ်သော ပြည်သူများ၊ လူစုလူဝေးရှိသည့် နေရာများအား စကမဘက်မှ အဓိက ပစ်မှတ်ထား လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ လေကြောင်းအသိ၊ သတိ အထူးရှိကြရန် ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ ဒီပဲယင်း ပအဖ က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဒီပဲယင်းမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေကို စစ်အုပ်စုက ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းနယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်/Photo – ဒီပဲယင်း ပအဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button