စစ်ကိုင်းသတင်း

အရာတော်မှာ စစ်အုပ်စုက Non CDM တွေကို ဆီဗူးပေးပြီး ရွေးကောက်ပွဲ စည်းရုံးခိုင်း၊

ရွေးကောက်ပွဲ လုပ်ချိန် မြို့ပတ်လည် လက်နက်ကြီး ထု၊

သုထက်/MFP၊ ဇန်နဝါရီ – ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး Non CDM တွေကို ကြိုတင်မဲပေးခိုင်းကာ မဲပေးသူတိုင်းကို စားဆီ တစ်ဗူးစီ ပေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁၀ရက်မှာ အရာတော်မြို့ပေါ်က စစ်အုပ်စု လက်အောက်ခံ Non CDM တွေကို ကြိုတင်မဲပေးခိုင်းတာ ဖြစ်ပြီး စစ်အုပ်စုက ဆီဗူးပေးကာ ရပ်ကွက်ထဲက ပြည်သူတွေကို ရွေးကောက်ပွဲ မဲလာပေးအောင် စည်းရုံးဖို့ ခိုင်းစေလိုက်တယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှာ ကြောက်လို့ဆိုပြီး Non CDM တွေ ဇန်နဝါရီ ၁၀ရက်က ကြိုတင်မဲ ပေးကြတယ်။ စားဆီတစ်ဗူးစီ ပေးလိုက်ပြီး မြို့ထဲက သာမာန်ပြည်သူတွေကို မဲလာပေးဖို့ စည်းရုံးခိုင်းတယ်” လို့ စစ်အုပ်စု ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ အရာတော်မြို့ခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ရက် အရာတော်မြို့ပေါ် ရွေးကောက်ပွဲ လုပ်ချိန်မှာတော့ မဲပေးသူ နည်းပါးပြီး မြို့ခံအများစုက မဲမပေးချင်လို့ နေအိမ်တွေထဲက မထွက်ဘဲ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အရာတော်မြို့ရှိ စခတ ၁၀ ခေါ် စစ်အုပ်စုရဲ့ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး မဲမပေးတဲ့ မြို့ခံပြည်သူတွေကို ခြိမ်းခြောက်ဖို့ရော မြို့အနီးဝန်းကျင် ရွာတွေကို ရမ်းကားပစ်ခတ်တဲ့သဘောလည်း ဖြစ်မယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ အရာတော် အပါအဝင် စစ်ကိုင်းတိုင်းထဲ ဘုတလင်၊ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ရေဦးမြို့နယ်၊ စုစုပေါင်း ၁၁ မြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ၁၀ မြို့နယ်လုံး မြို့ပေါ် ရပ်ကွက်တွေမှာသာ ရွေးကောက်ပွဲ လုပ်နိုင်ကာ ကျေးရွာတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ဘဲ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ ပမာဏဟာ မြို့နယ်အလိုက် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအောက်သာ လွှမ်းခြုံနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရာတော်မြို့မှာ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button