မန္တလေးသတင်း

မန္တလေးမှာ လုပ်တဲ့ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးသူ နည်းပါး၊

မဲရုံတွေမှာ တန်းစီးနေသူ လူ ၂၀ နဲ့ ၁၀၀ ကြားသာ တွေ့ရပြီး စစ်အုပ်စုက မဲလာပေးသူကို မုန့်ပေး၊ မဲပေးဖို့ ရပ်ကွက်ထဲ လှည့်အော်၊

မဲရုံတွေမှာ တန်းစီးနေသူ လူ ၂၀ နဲ့ ၁၀၀ ကြားသာ တွေ့ရပြီး စစ်အုပ်စုက မဲလာပေးသူကို မုန့်ပေး၊ မဲပေးဖို့ ရပ်ကွက်ထဲ လှည့်အော်၊

ဖိုးချို၊ ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၁၁

မန္တလေးမြို့ပေါ် မြို့နယ်တချို့မှာ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေပြီး မဲရုံ တစ်ရုံချင်းစီအလိုက် မဲပေးတဲ့ပြည်သူ ၂၀ ကနေ ၁၀၀ လောက်သာ တွေ့ရတယ်လို့ မန္တလေးမြို့ပေါ် မဲရုံတွေကို စောင့်ကြည့်နေသူနဲ့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁၁ရက် ဒီကနေ့ မနက် ၆နာရီက စတင်ကာ မန္တလေးမြို့ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်ရှိ မဲရုံအများစုမှာ လူအစည်ကားဆုံးအချိန်လို့ ဆိုရမယ့် မဲရုံဖွင့်စ မနက် ၆နာရီနဲ့ ၈နာရီကြားအချိန် မဲပေးသူ လူ ၅၀ ကနေ ၁၀၀ ကြား တန်းစီစောင့်ဆိုင်းနေတာ တွေ့ရပြီး တဖြေးဖြေး လူကျဲပါးသွားကာ မွန်းလွဲ ၁၂နာရီလောက်မှာ မဲပေးသူ လူ ၂၀ ဦးဝန်းကျင်သာ တွေ့ရတယ်လို့ မန္တလေးမြို့ပေါ်ရှိ မဲရုံ ၃၀ ကျော်ကို လှည့်ပတ်စောင့်ကြည့်‌လေ့လာခဲ့သူ တစ်ဦးက ပြောပါတယ်။

“နေ့လည်‌ပိုင်းမှာ မနက်က တွေ့ရတဲ့ လူတန်းမျိုး မတွေ့ရတော့ဘူး။ ကျိုးတိုးကျဲတဲပါပဲ၊ ဒီ အတုအယောင် ရွေးကောက်ပွဲနဲ့ NLD လက်ထက်က လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ မဲလာပေးသူ အရေအတွက်ချင်း ယှဉ်ရင်တော့ မဲလာပေးသူ နည်းတယ်ဆိုတာပါပဲ”

မနက်ပိုင်း မဲရုံမှာ လူအစည်ကားဆုံးအချိန်မှာလည်း မဲရုံရှေ့ လူ ၁၀၀ လောက် တန်းစီစောင့်ဆိုင်းနေတဲ့ မဲရုံက အတော်လေး နည်းပါးပြီး မဲရုံအများစုမှာ မဲလာပေးသူ ကျဲပါးတယ်လို့ ဆိုပါတယ်။

“ပေးခဲ့တယ်။ မဲပေးတော့ တန်းစီရတယ်။ သွားပေးတဲ့အချိန် အယောက် ၅၀၊ ၆၀ လောက်တော့ ရှိတယ်။ မဲပေးရင် ဒါလေးနှိပ်ရုံပဲ ဆိုပြီး ပြောပြတာတွေပဲ ရှိတယ်။ သူတို့ပြောတဲ့ ရေသန့်၊ အချိုရည်၊ မုန့် ဘာမှ မကျွေးပါဘူး” လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဉီးက‌ ပြောပါတယ်။

မနက်ပိုင်း ၁၀ နာရီ‌ဝန်းကျင်က မဲသွားပေးခဲ့ရာ ရှေ့က လူ ၄၀ လောက် တန်းစီးနေတာ တွေ့ရပြီး အချိန် တစ်နာရီကြာ စောင့်ဆိုင်းမဲပေးခဲ့ရတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။

မွန်းလွဲ ၁၂ နောက်ပိုင်း မဲရုံကို မဲသွားပေးရာမှာတော့ အချိန်မစောင့်ရဘဲ မြန်မြန်ဆန်ဆန် မဲပေး ပြီးစီးခဲ့တယ်လို့ နောက်ထပ် မြို့ခံတစ်ဦးကလည်း MFP ကို ပြောပါတယ်။

“မဲရုံမှာ လူရှင်းသွားပြီ၊ နေ့လည် ၁၂ ခွဲလောက်က သွားတာ။ ဘာမှ သိပ်မစောင့်ခဲ့ရဘူး”

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မလုပ်ခင်ရက်တွေက မြို့ခံတွေ မဲပေးကြဖို့ နည်းမျိုးစုံ သုံးကာ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပြီး ဒီကနေ့ မဲရုံကို မဲသွားပေးပြီး အပြန်မှာတော့ မဲရုံတချို့မှာ အချိုရည်၊ မုန့်နဲ့ ရေသန့်ဘူးတွေ ပေးဝေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“ရုံးမှာ မဲပေးဖို့ ခနခန ညွှန်ကြားချက်တွေ ထွက်နေလို့သာ ကြောက်လို့ မဲပေးရတာ၊ ဘယ်သူ့ ပေးရမှန်းလည်း မသိဘူး” လို့ မန္တလေးမြို့ခံ Non CDM ဝန်ထမ်းတစ်ဦးကလည်း ပြောပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲလာပေးဖို့နဲ့ မဲပေးသူတွေ အနှောင့်အယှက် မဖြစ်စေဖို့ ဆိုပြီး မဟာအောင်မြေ မြို့နယ်အတွင်းရှိ လမ်းဘေးစျေးဆိုင်တွေကို ဇန်နဝါရီ ၁၀ရက်က စတင်ကာ နှစ်ရက် စျေးရောင်းခွင့် ပိတ်ထားပါတယ်။

“ရေနီမြောင်းဈေး မဖွင့်ဘူး၊ မနက်က ဈေးဝယ်သွားတာ။ ဒီတိုင်း ပြန်လာရတာ။ ဆိုင်ခန်းတွေလည်း ပိတ်ရတယ်။ အိမ်လေးတွေထဲမှာ ဈေးသည်တွေက ကပ်ရောင်းကြတဲ့သဘောမျိုး” လို့ ကိုယ်တိုင် ကြုံခဲ့ရသူ တစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက ရွေးကောက်ပွဲ နှစ်ကြိမ်ခွဲ လုပ်ခဲ့ရာမှာ ယခင်နှစ်တွေက လုပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ပါက မဲပေးသူ အလွန်နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“သွား မပေးဘူး။ (မဲပေးဖို့) သူတို့လည်း ဘာမှ လာမပြောဘူး။ မိုက်နဲ့ လိုက်အော်တာတော့ ရှိတယ်။ မဲရုံ လူ မရှိလို့ ထင်တယ်။ ခုမနက် ၈ နာရီခွဲလောက်ကရယ်၊ ၁၁ နာရီလောက်ကရယ်၊ နှစ်ခါ။ ဒီ အနီးအနားက လူတွေ ဘယ်သူမှ သွားမပေးကြဘူး။ (သွားပေးတာ) မမြင်ဘူး” လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

မဲပေးသူ နည်းပါးတာကြောင့် မန္တလေးမြို့၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေအတွင်း စစ်အုပ်စုက မဲလာပေးဖို့ မဲရုံတွေကနေ အသံချဲ့စက်နဲ့ အော်နေသလို စစ်အုပ်စုနဲ့ ပျူစောထီးတွေကလည်း ရပ်ကွက်ထဲ ကားနဲ့လှည့်ကာ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ပေါ် သုံးမြို့နယ်အနက် မဟာအောင်မြေမြို့နယ်မှာ မဲရုံ ၇၀ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မဲရုံ ၈၅ နဲ့ အမရပူရမြို့နယ်မှာ မဲရုံ ၁၀၀ ရှိတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်ကလည်း အပိုင်း ၁ အဖြစ် မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်အတွင်း ရွေးကောက်ပွဲ လုပ်ခဲ့ရာ မဲရုံတွေမှာ မဲပေးသူ နည်းပါးပြီး မဲရုံတစ်ခုချင်းစီအလိုက် မဲပေးသူ ၂၀ ကနေ ၅၀ ဝန်းကျင်ကြားသာ တွေ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲ အပိုင်း ၂အဖြစ် မန္တလေးတိုင်း မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ် အပါအဝင် စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ အမရပူရ၊ မတ္တရာ၊ ဝမ်းတွင်း၊ သာစည် နဲ့ မတ္တရာမြို့နယ်တို့မှာ စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မန္တလေးတိုင်း ရှစ်မြို့နယ် အပါအဝင် နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်ခဲ့ရာ မဲပေးခွင့်ရှိသူရဲ့ ၅၂ ရာခိုင်နှုန်းက မဲပေးခဲ့တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ထားပါတယ်။ ဒါပေမယ့် မဲပေးခွင့်သူ စာရင်းကိုတော့ စစ်အုပ်စုက မထုတ်ပြန်ထားပါဘူး။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မဲရုံမှာ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးနေသူတွေနဲ့ ရွေးကောက်ပွဲမတိုင်မီက မန္တလေးမြို့ခံတွေ မဲပေးဖို့ လိုက်လံခိုင်းစေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button