မန္တလေးမှာ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးစက်တွေ မကြာခဏ ပျက်လို့ အသစ်လဲလှယ်ရ၊
ဖိုးချို/MFP၊ ဇန်နဝါရီ – ၁၁
မန္တလေးမြို့မှာ ဒီကနေ့ လုပ်တဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွင်း မဲပေးစက်တွေ မကြာခဏ ပျက်လို့ အစားထိုးလဲလှယ်တာတွေ လုပ်ရတယ်လို့ စစ်အုပ်စု ရွေကောက်ပွဲ ကော်မရှင်နဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ် အပါအဝင် မန္တလေးတိုင်း ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မဲပေးစက်တွေ မကြာခဏ ပျက်တယ်လို့ ဆိုပါတယ်။
“ဟုတ်တယ်။ ဒီနေ့ မဲပေး စက်တွေ ပြဿနာဖြစ်လို့ သွားလဲပေးရတာ အတော်များတယ်လို့ ကြားတယ်” လို့ စစ်အုပ်စု ရွေကောက်ပွဲ ကော်မရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မဲပေးစက်တွေက ဘာကြောင့်ပျက်တယ်၊ ဘယ်လိုပျက်တယ်ဆိုတာ မသိရပေမယ့် မဲရုံတချို့မှာ ပျက်စီးမှုဖြစ်လို့ မဲပေးစက် နောက်တစ်ခုနဲ့ အစားထိုးလဲလှယ်ပေးရတာလို့ ဆိုပါတယ်။
မဲပေးစက်ပျက်တာ ကိုယ်တိုင်မကြုံခဲ့ရပေမယ့် တန်းစီနေတဲ့ လူတွေ မဲရုံထဲကို ဝင်ခွင့်မရဘဲ အချိန်တော်တော်ကြာ နှောင့်နှေးတာမျိုး ကြုံခဲ့ရတယ်လို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေသူ တစ်ဦးကလည်း ဆိုပါတယ်။
မန္တလေမြို့ပေါ် မဲရုံတွေမှာ မဲပေးစက် ပျက်စေတဲ့ အဓိကအကြောင်းအရင်းက မဲပေးစက်ရဲ့ ထိန်းချုပ်စက် စက်ကိုင်သူ မကျွမ်းကျင်တာနဲ့ မဲပေးတဲ့သူက လောပြီး မဲပေးတာတွေကြောင့် ဖြစ်နိုင်တယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတွေက သုံးသပ်ပါတယ်။
မဲပေးစက်နဲ့ မေးပေးရတာကြောင့် အသက်အရွယ် ကြီးသူတွေ အခက်အခဲ ရှိပြီး မဲရုံထဲ ဝင်ရောက်ချိန်မှာ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေက မဲပေးစက်နဲ့ ဘယ်လိုမဲပေးရမယ်ဆိုတာ ပြောပြတာမျိုးတော့ ရှိတယ်လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ ဦးဆောင်လုပ်တဲ့ ရွေးကောက်ပွဲမှာ အဆန်းထွင်ပြီး အီလက်ထရောနစ် မဲပေးစက် (MEVM) ကို စတင် အသုံးပြုတာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဖန်တီးထားတဲ့ မီးလက်ထရောနစ် မဲပေးစက်မှာ ထိန်းချုပ်စက်၊ မဲပေးရတဲ့ခလုပ်၊ ပရင်တာနဲ့တွဲထားတဲ့ မဲပုံးဆိုတဲ့ အစိတ်အပိုင်း သုံးခု ပါရှိတာ ဖြစ်ပြီး မဲပေးစက်တစ်လုံးကို ကျပ်သိန်း ၃၀ လောက် ကုန်ကျတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
မန္တလေးမြို့ပေါ် မဲရုံတွေအနက် မဲဆန္ဒရှင်ဦးရေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ မဲရုံတစ်ခုကို မဲပေးစက်တစ်စုံ ချပေးထားပြီး လူဦးရေ ၂၀၀၀ ကျော်ရင် မဲပေးစက် နှစ်စုံချထားပေးတယ် မဲရုံတာဝန်ကျ Non CDM ဝန်ထမ်းတွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ပေါ် ရွေးကောက်ပွဲ လုပ်တဲ့ သုံးမြို့နယ်အနက် မဟာအောင်မြေမြို့နယ်မှာ မဲရုံ ၇၀ ၊ ပြည်ကြီးတံခွန် မြို့နယ်မှာ မဲရုံ ၈၅ နဲ့ အမရပူရမြို့နယ်မှာ မဲရုံ ၁၀၀ ရှိတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ လုပ်တဲ့ အယောင်ပြ ရွေးကောက်ပွဲအတွက် ကျပ်သိန်း ၃၀ ဝန်းကျင် တန်ဘိုးရှိ မဲပေးစက် အလုံး ၅၀,၀၀၀ ဖန်တီးထားတယ်လို့ ဆိုပြီး မဲပေးစက်အတွက် ကျပ်သန်း ၁,၅၀၀,၀၀၀ လောက် သုံးစွဲထားတာ ဖြစ်ပါတယ်။
စစ်အုပ်စု ရွေးကောက်ပွဲမှာ အသုံးပြုတဲ့ မဲပေးစက်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



