MN/MFP ၊ ဇန်နဝါရီ – ၁၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ၁၀ ရက်ကြာ ရက်ရှည်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေထဲက သက်ကြီးရွယ်အိုလေးဦး အအေးမိပြီး သေဆုံးသွားတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်ရင်း အအေးမိပြီး သေဆုံးသွားခဲ့တဲ့ ဒေသခံပြည်သူတွေဟာ အသက် ၇၃ နှစ်အရွယ် ဦးဝင်းစန်း၊ အသက် ၆၈ နှစ်အရွယ် ဦးကျော်ခိုင်၊ အသက် ၆၂ နှစ်အရွယ် ဒေါ်ကြည်နဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ဒေါင်းတို့ ဖြစ်ပြီး စစ်ကြောင်းလွတ်ကင်းတဲ့ တောတိုက်တွေမှာ ဖြစ်သလိုနေထိုင်နေရတာကြောင့် အအေးမိကုန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်ကတည်းက အင်အား ၁၀၀ ကျော်နဲ့စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ မြင်းမူမြို့နယ် လူမှုရေးရာတာဝန်ခံ မယ်သန္တာက MFP ကို ပြောပါတယ်။
“စစ်ရှောင်ပြည်သူတွေက ရွာလုံးကျွတ်ရှောင်နေကြရတာ။ စစ်ရှောင်ပြည်သူက တစ်သောင်းအထက်မှာပဲရှိတယ်။ စားနပ်ရိက္ခာတို့၊ စောင်တို့အနွေးထည်တို့ လိုအပ်နေတယ်။ အအေးမိလို့ သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေက ဒီလ လေးရက်နေ့ကပါ။ ကျွန်မတို့ကတော့ စစ်ရှောင်ပြည်သူတွေကို ဆန်အိတ်တို့ ဆီတို့ တတ်နိုင်သလောက် ကူညီထောက်ပံ့တာတွေတော့ လုပ်ပေးထားပါတယ်”
မြင်းမူမြို့နယ်ထဲမှာ လျှပ်စစ်တာဝါတိုင်ပြုပြင်ဖို့ စစ်အုပ်စု စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာတောတွေထဲမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေအပါအဝင် အမိုးအကာ၊ အနွေးထည်၊စောင်နဲ့ ဆေးဝါးတချို့လည်း လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
စစ်အုပ်စုတပ်ဟာ မြင်းမူမြို့နယ်ထဲမှာ ကျေးရွာတွေကို မြေပြင်ကစစ်ကြောင်းထိုးနေဆဲဖြစ်သလို ဒီနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းကလည်း စစ်ဘေးရှောင်တွေရှိနေတဲ့နေရာကို မုံရွာမြို့ နယ်အခြေစိုက် စစ်အုပ်စုတပ်ရဲ့အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့နယ် လူမှုရေးရာတာဝန်ခံ မယ်သန္တာက MFP ကို ဆက်ပြောပါတယ်။
“စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့နေရာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲသွားတာပါ။ ပြည်သူ နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ အသက်အရွယ်၊ ကျား၊မတော့ အသေးစိတ်မသိရသေးဘူး။ နောက်ပြီးတော့ နွားလေးကောင်ပါ သေဆုံးသွားတယ်လို့ ကနဦးသတင်းရထားပါတယ်”
လက်ရှိမှာ စစ်အုပ်စုက မြင်းမူမြို့နယ်ထဲ စစ်ကြောင်းထိုးနေဆဲဖြစ်တာကြောင့် ဂရု၊ လက်ပံ၊ ပဲတောင်း၊ မဲနော၊ ပဥ္ဇာကုန်း၊ ရွှေယင်းမာ၊ ကုန်းရွာ၊ စည်ပင်၊ ကံသာ၊ ယင်းမကိုင်း၊ တွင်းကြီး၊ ချောင်းကွေ့၊ တောချောင်းဦး၊ သစ်လိန် စတဲ့ ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာလည်း ရာသီဥတုက အအေးဓာတ်လွန်ကဲလာတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ဖြစ်သလိုနေထိုင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတချို့ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်က မြင်းမူနဲ့ပုလဲတို့က စစ်ဘေးရှောင်တွေရဲ့ပုံကိုဖော်ပြထားခြင်းဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



