အမ်း-ပဒါန်းလမ်းနဲ့ ပုသိမ်-မုံရွာလမ်း စစ်ဆင်ရေးတွေမှာ စစ်သုံ့ပန်း ၁၆ ယောက် ဖမ်းမိပြီး အလင်းဝင်သူ ၁၃ ယောက် ရှိ၊
အလင်းဝင်လာသူတွေက SF/SAF ရဲဘော်အဖြစ် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေ၊
အလင်းဝင်လာသူတွေက SF/SAF ရဲဘော်အဖြစ် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေ၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၂
ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် ဒေသတွေ ဖြစ်တဲ့ အမ်း – ပဒါန်းလမ်းနဲ့ ပုသိမ် – မုံရွာလမ်း စစ်ဆင်ရေးတွေမှာ နှစ်လကျော်အတွင်း စစ်သုံ့ပန်း ၁၆ ယောက် ဖမ်းမိကာ အလင်းဝင်သူ ၁၃ ဦး ရှိတယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က သတင်း ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ငဖဲမြို့နယ်၊ အမ်း -ပဒါန်း လမ်းပေါ်ရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကို သိမ်းပိုက်နိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ အာရက္ခတပ်တော် – AA ဦးဆောင်တဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး တစ်နှစ်ကျော်အကြာ ယနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း အဲ့ဒီ နတ်ရေကန် ဗျူဟာကုန်းနဲ့ ထိစပ်နေတဲ့ အမ်း – ပဒါန်းလမ်းနဲ့ ပုသိမ် – မုံရွာလမ်း စစ်ဆင်ရေးတွေမှာ စစ်သုံ့ပန်းတွေ ဖမ်းမိတာဖြစ်ပြီး အလင်းဝင်ခိုလှူံလာသူတွေလည်း ရှိခဲ့တယ်လို့ SF/SAF က ဖော်ပြပါတယ်။
“ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ စစ်ဆင်ရေးနယ်မြေတခုဖြစ်သည့် အမ်း-ပဒါန်းလမ်းပိုင်း နှင့် ပုသိမ်-မုံရွာ လမ်းမကြီးတဝိုက်ရှိ ရန်သူ စစ်မကော်ရှင်တပ်များမှ ထွက်ပြေး လာသူများနှင့် တိုက်ပွဲများမှ ဖမ်းဆီးရမိသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း နှစ်လအတွင်း ၁၆ ဦး ရှိခဲ့သည်။ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို တပ်ဦး/တပ်တော်၏ မူဝါဒများ၊ နိုင်ငံတကာစစ်ဥပဒေများ နှင့်အညီ ထိန်းသိမ်းထားရှိပါသည်”
အလင်းဝင်လာသူ ၁၃ ဦး ရှိပြီး တပ်ကြပ်ကြီးအဆင့် တစ်ယောက်နဲ့ ဒု-တပ်ကြပ်အဆင့်တစ်ယောက် ပါဝင်ကာ သူတို့က တော်လှန်ရေးရဲဘော်အဖြစ်နဲ့ စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
“အလင်းဝင်ခိုလှုံလာသူများသည် ယခုတွင် တပ်ဦး/ တပ်တော်၏ ရဲဘော်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိကြသည်” လို့ SF/SAF က ဖော်ပြပါတယ်။
SF/SAF ဟာ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု – SRA တပ်ပေါင်းစု တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



