အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ပေါ်ကို စစ်အုပ်စုက ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ပေါင်သုံးရာဗုံးနှစ်လုံး အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စားသောက်ဆိုင်တစ်ဆိုင်နဲ့နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မြစ်ခြေ-ကမ္မ လမ်းမပေါ်ကို ဂျက်ဖိုက်တာအမျိုးအစား လေယာဉ်နဲ့ ပေါင် သုံးရာဗုံးနှစ်လုံး ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆုံဆည်းရာစားသောက်ဆိုင်နဲ့ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသွားအလာနည်းလို့ ကံကောင်းတယ်ပြောရမယ်။ ပေါင်သုံးရာ နှစ်လုံးကိုကြဲသွားတာဗျ၊ ပြည်သူတွေတော့ အထိအခိုက်မရှိပါဘူး”
မြစ်ခြေမြို့ပေါ်က သိမ်တော်ရပ်ကွက်မှာရှိတဲ့ မြင်းမွေးမြူရေး စစ်အုပ်စုရဲ့ မြင်းမွေးမြူရေးစခန်း (ဒေသအခေါ် BBI) တပ်စခန်းနဲ့ရဲစခန်းတို့ ရှိပြီး မြို့အရှေ့ဘက်မှာလည်း အောင်သာပျူစောထီးစခန်းတို့ရှိနေတာ ဖြစ်ပါတယ်။ အဲဒီပျုစောထီးစခန်းကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာ နဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့် ဒေသခံတွေမကြာခဏ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်ဟာ မြစ်ခြေမြို့ပေါ်ကို မကြာခဏ စစ်ကြောင်းထိုးတာတွေရှိပေမဲ့ အခုလို ဗုံးကြဲတာက ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပခုက္ကူနယ်မှာ စစ်အုပ်စုက မြို့ပေါ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ပေမယ့် ကျေးရွာတွေနဲ့ ခရိုင်အတွင်းက မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲမပြုလုပ်နိုင်ဘဲ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ တစ်လခန့်ကြာမြင့်နေပြီလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်ကလည်း စစ်အုပ်စုစစ်ကြောင်းက ကံရပ်ကြီးကျေးရွာက နေအိမ် ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း သေဆုံးကာ ဒေသခံပြည်သူ သုံးထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၃ ရက် ဒီနေ့မှာလည်း စစ်အုပ်စုစစ်ကြောင်းတွေက ရှင်မကန်ပျူစောထီးစခန်းနဲ့ ငဖောင်ကန်ကျေးရွာတွေမှာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းနဲ့လေကြောင်းရန်ကို နားစွင့်ကာ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
Photo – ပေးပို့။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



