မန္တလေးသတင်း

စဉ့်ကူးနယ်ကို စစ်အုပ်စုထိန်းချုပ်ပြီးနောက် တော်လှန်ရေးနဲ့နီးစပ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေ

နေအိမ်တွေကို ချိတ်ပိတ်တာနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပျုစောထီးသင်တန်းပေးထင်လင်း/MFP ၊ ဇန်နဝါရီ-၁၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် နေအိမ်တွေကိုပါ ချိတ်ပိတ်နေတယ်လို့ ဒေသခံတွေက MFP ကိုပြောပါတယ်။

MDY-PDF နဲ့ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ စဉ့်ကူးမြို့နယ်ကို စစ်အုပ်စုတပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ အပြီးသတ်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စဉ့်ကူးနယ်ကို စစ်အုပ်စုတပ် ထိန်းချုပ်ပြီးချိန်ကနေ ဒီနေ့အထိ ဒေသခံလေးဦး ဖမ်းဆီးသတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံရသူတွေလည်း ပြန်မလွှတ်ပေးဘဲ အဆက်အသွယ်တွေ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

စဉ့်ကူးမြို့ခံတစ်ဦးကတော့”ကြားတာက ဟိုတလောက လေးယောက် ပစ်သတ်ခံရတယ်။ ဆိုင်ကယ်နှစ်ယောက် စီးလို့ရယ်၊သုံးဘီးမောင်းတဲ့သူက လက်တစ်ဖက်ပြတ်နေတာကို PDF မှတ်ပြီးပစ်သတ်လိုက်တယ်။ နောက်စိတ်မနှံ့တဲ့သူ တစ်ယောက်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့ပေါ်နဲ့လက်ပံလှအပါအဝင် ကျေးရွာအများစုမှာရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နောက်ထပ် စဉ့်ကူး ဒေသခံတစ်ဦးက”ခိုးတာကတော့ စဥ့်ကူး၊လက်ပံလှ အိမ်အကုန်ခိုးတာ၊တံခါးရွက်တောင် မချန်ဘူးတဲ့၊ဆိုင်တွေလည်းကားထိုးပြီးကိုယူတာ”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ ကျည်တောက်ပေါက် ကျေးရွာအတွင်းမှာ ဂိတ်ချစစ်ဆေးနေပြီး အရပ်သားတွေပါမချန် မင်္သကာသူတွေကို ဖမ်းဆီးကာ ပျူစောထီးသင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။

ကျည်တောက်ပေါက်ရွာခံတစ်ဦးက”လက်ရှိ၀င်လာပြီး တော်လှန်ရေးမိသားစုအိမ်ရော ပတ်သတ်တာတွေကို၊ချိတ်ပိတ်ပြီး၊ပစ္စည်း၀င်ယူတယ် ၊နောက် ပျုသင်တန်းတွေ ကိုပို့ချနေတယ်ပေါ့၊လူတွေကတော့ သက်သက်လှည့်ပြီးဖမ်းတာမဟုတ်ပေမယ့် ငွေဇင်ဟိန်းနားဂိတ်ချတယ် မှတိပုံတင်ပြရတယ်ပေါ့၊မသင်္ကာတာနဲ့ ချက်ခြင်း ဆွဲချပြီးဖမ်းတယ်၊စစ်မေးတယ်၊အဲ့လိုဖမ်းပြီး အဆက်အသွယ် မရတာတွေလည်းရှိတယ်‌ဗျ”လို့ MFP ကိုပြောပါတယ်။

တစ်ဆက်ထဲမှာပဲ တော်လှန်ရေးအင်အားစုတွေက လုံခြုံရေးအရ ပိတ်ထားတဲ့ စဉ့်ကူးမြို့နယ်ကို စစ်အုပ်စုက ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပေးထားပေမဲ့ ပြန်ထွက်ခွင့်မပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စဉ့်ကူးမြို့နယ်ကို စစ်အုပ်စုပြန်သိမ်းချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်အရေးယူဖို့နဲ့ ဒေသခံတွေကို ဖမ်းဆီးအရေးယူဖို့ စစ်အုပ်စုကို အားပေးထောက်ခံသူတွေက လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် တိုက်တွန်းနေတာ တွေ့ရပါတယ်။

Photo – ၂၀၂၅ ခုနှစ်က စဉ့်ကူးမြို့နယ်နဲ့ စစ်ရှောင်တွေကို မြင်တွေ့ရပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button