သတင်း

TNLA က စစ်သုံ့ပန်း ၁၀၀ ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေး၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၃

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PSLF/TNLA က တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စု လက်နက်ကိုင် သုံ့ပန်း ၁၀၀ ကျော်ကို ၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၂ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ TNLA က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းရဲ့ အမိန့်နဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

“PSLF/TNLA အနေဖြင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် တအာင်းအမျိုးသား အထိမ်းအမှတ်နေ့ အခါသမယတွင် ယခုကဲ့သို ဖမ်းဆီးထိန်းသိမ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်း ဖြစ်သည်” လို့ TNLA က ဖော်ပြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲ စစ်အာဏာမသိမ်းခင်က ဖမ်းမိထားတဲ့ သုံ့ပန်းတွေလည်း ပါဝင်ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီး ရမိခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် စစ်ကောင်စီတပ်မှ ၁၀၀ ဦး၊ RCSS တပ်ဖွဲမှ လေးဦးနှင့် အခြား အဖွဲအစည်းများမှ ခုနှစ်ဦး ပါဝင်ပြီး စုစုပေါင်း ၁၁၁ ဦး ဖြစ်ပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် အသက်ကြီးသူများ၊ စစ်ပြေးသူများ ဖြစ်ကြသည်” လို့ TNLA က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလက စတင်ကာ TNLA အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်ကာ မြို့၊ရွာ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် တရုတ်ရဲ့ ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးမှုကြောင့် ၂၀၂၅ အောက်တိုဘာမှာ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်အုပ်စုလက်ထဲ ပြန်လည် လွှဲပြောင်းပေးပြီးနောက် TNLA နဲ့ အာဏာသိမ်း စစ်အုပ်စုတို့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။

၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ ၁၂ရက်က တအာင်းဒေသ မန်တုံမြိုနယ်ထဲမှာ ကျင်းပခဲ့ပြီး TNLA က အင်အား ၁၀၀၀ ကျော်နဲ့ စစ်ရေးပြချီတက်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ လေယာဥ်ပစ်လက်နက်၊ သံချပ်ကာကား၊ ဆင်တွေကိုပါ အသုံးပြု ချီတက်ခဲ့ပါတယ်။

PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းနဲ့ စစ်ရေးပြနေတဲ့ TNLA တပ်တွေ/Photo – TNLA၊ MP၊ CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button