ရေဦးမှာ စစ်အုပ်စုက ရွာပေါ် ဗုံးကြဲလို့ ခြောက်တန်းကျောင်းသား သေဆုံးကာ လေးဦး ဒဏ်ရာရ၊
မြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်ပြီး ရွာတွေကို ဗုံးကြဲမပျက် ဆက် ကြဲနေ၊
မြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်ပြီး ရွာတွေကို ဗုံးကြဲမပျက် ဆက် ကြဲနေ၊
ထင်လင်း၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်က အိမ်ခြေ ၅၀ ရှိတဲ့ ပင်စိမ်းခင်း-ရွာသစ်ကျေးရွာကို ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ဗုံးနှစ်လုံး ကြဲချခဲ့ရာ တစ်လုံး ပေါက်ကွဲပြီး ခြောက်တန်းကျောင်းသား တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၃ရက် ဒီကနေ့ မွန်းလွဲ ၂နာရီကျော်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပင်စိမ်းခင်းကျေးရွာပေါ် ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၂၀၀ ဗုံးတစ်လုံး ကြဲချခဲ့တာ ဖြစ်ပြီး တစ်လုံး ပေါက်ကွဲကာ တစ်လုံးကတော့ မပေါက်ကွဲဘူးလို့ ဆိုပါတယ်။
“ဗုံးက နှစ်လုံးချတယ်၊ တစ်လုံးက ကွဲတယ်။ တစ်လုံးက မကွဲဘူး။ ငါးယောက်ထိတယ်၊ တစ်ယောက် ပျက်စီးတယ်၊ သေဆုံးတာက ၁၂နှစ်အရွယ် မောင်ထော်တဲ့။ ခြောက်တန်းကျောင်းသားလေး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဗုံးထိမှန်လို့ အသက် ၁၆နှစ်အရွယ် ကျောင်းသားတစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင် အဖွားသုံးဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ဖျက်အားပြင်း ဗုံးနှစ်လုံး ကြဲချခဲ့တဲ့ ပင်စိမ်းခင်းရွာသစ်ရွာဟာ အိမ်ခြေ ၅၀ လောက်သာ ရှိတဲ့ ရွာလေးဖြစ်ပြီး တိုက်ပွဲမရှိ၊ PDF မရှိဘဲ အကြောင်းမဲ့ လာရောက် ဗုံးကြဲတာလို့ ဆိုပါတယ်။
“ရွာလေးက အေးချမ်းတယ်၊ ဘာမှမရှိဘူး။ တောရွာလေး အိမ်ခြေ ၅၀ လောက်ပဲ ရှိတာ၊ တောတိုက်လို့လည်း ခေါ်တယ်။ မူးအနောက်ဘက်ကမ်းက တဲတိုက်လေးပါ။ ရွာမကြီးက မူးအရှေ့ဘက် ရှိတာလေ။ အခုတော့ တစ်ရွာလုံး တိမ်းရှောင်နေကြတယ်။ စိတ်မချရဘူးလေ၊ ညပိုင်းများ လာပစ်မှာလားလို့” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ဇန်နဝါရီ ၁၁ရက်က ရေဦးမြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် ကျေးရွာတွေအပေါ် ဗုံးကြဲမပျက်ဘဲ ကြဲမြဲတိုင်း နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၁ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ရေဦးမြို့နယ်မြောက်ပိုင်း အုန်းတပေါင်းကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချပြီးနောက် Rocket (ဒုံးကျည်)နဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ အနီးဝန်းကျင်နေ ပြည်သူတစ်ဦး ဒဏ်ရာရပြီး ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၀ရက် ညပိုင်းနဲ့ ၁၁ရက် မနက်ပိုင်းမှာလည်း မန္တလေမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ရေဦးမြို့နယ် လေးရွာကျေးရွာ စာသင်ကျောင်းနဲ့ ကွမ်းအုံတိုက်နယ် ဆေးရုံတို့ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရေဦးမြို့နယ် အပါအဝင် နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲမှု ၁၁၉ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားနိုင်တဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ ကြိမ် ကျူးလွန်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၀ ကျော် အပါအဝင် လူ ၄,၆၈၀ ကျော် သေဆုံးခဲ့ပြီး စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘုရား၊စေတီ၊ ဘာသာရေးအဆောက်အအုံ ၆၅၀ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၇ရက် ညပိုင်းက ရေဦးမြို့နယ် တမာတောကျေးရွာ တိုက်နယ်ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲခဲ့စဉ်/Photo – ရေဦး PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



