ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို စစ်အုပ်စုဖမ်းဆီး၊
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို စစ်အုပ်စုတပ်က ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းမှာ ရန်ကုန်မြို့တွင်းက နေအိမ်မှာ ဖမ်းဆီးလိုက်တယ်လို့ ပါတီဝင်တစ်ဦးက MFPကို အတည်ပြု ပြောပါတယ်။
ဒေါ်သက်သက်ခိုင်ကို ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းက နေအိမ်မှာ စစ်အုပ်စုတပ်က ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒုဥက္ကဌဖြစ်သူ ဦးစောဟန်အေးကိုတော့ ဖမ်းဆီးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ ဥက္ကဌ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ပါတီဝင်တစ်ဦးကတော့ “ဖမ်းခံရတာမှန်ပါတယ်။ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ယူဆရပါတယ်။ အခုထိတော့ နောက်ဆက်တွဲ အသံမကြားရပါဘူး”လို့ ပြောပါတယ်။
စစ်အုပ်စု လက်ရှိဦးဆောင်ကျင်းပနေတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်က ရန်ကုန်တိုင်းအတွင်းကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှည်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၈(ဃ)အရ ပြဋ္ဌာန်းချက်နဲ့ မကိုက်ညီတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းမီဒီယာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး “ကိုယ်ကပြောမယ်ဆိုရင် ဒိုင်လူကြီး လုပ်နေတယ်ပေါ့နော်။ ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုနေတယ်၊ ပြီးတော့ ကိုယ့်လူတွေကိုလည်း အင်အားကြီးပါတီတခုကို ပို့လွှတ်ပြီးတော့မှ ဝင်လည်းပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာ ဖြစ်သွားတယ်။ ပါတီတွေ ယှဉ်ပြိုင်တဲ့အခါမှာ အခွင့်အလမ်း တန်းတူညီမျှမှု မရှိပါဘူး” လို့စစ်အုပ်စုကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ထုတ်ပယ်ခံထားရသူလည်း ဖြစ်သလို အာဏာသိမ်းပြီးနောက် စစ်အုပ်စုလက်အောက်ခံအဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး အဖြစ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



