ကလေး-တီးတိန် ကားလမ်းကို ဖြတ်သန်းခွင့်ပိတ်ကာ ချင်းပြည်နယ်ကို စစ်အုပ်စု ကုန်သွယ်ရေးဖြတ်တောက်၊
ရွှေဥ/MFP ၊ ဇန်နဝါရီ-၁၄
ချင်းပြည်နယ်က၊ မြို့နယ်တွေကို အဓိကကုန်စည်တင်ပို့နေတဲ့ ကလေး -တီးတိန်ကားလမ်းမကြီးကို စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်ကနေ ဒီနေ့အထိ တပတ်ခန့်အကြာ သွားလာခွင့်ပိတ်ကာ ကုန်သွယ်ရေးကို ဖြတ်တောက်ထားတာကြောင့် ကားအစီးရာချီ ကလေးမြို့မှာ ပိတ်မိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကလေး-တီးတိန်လမ်းမဟာ ချင်းပြည်ကို စားသောက်ကုန်၊ လူသုံးကုန်သည်တွေကို တင်ပို့ရာမှာ အသုံးပြုနေတဲ့ လမ်းမကြီးဖြစ်ပြီး စစ်အုပ်စုတပ်က အကြောင်းပြချက်မရှိဘဲ ဖြတ်သန်းခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ချင်းပြည်ကို ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဉ်ရာနဲ့ချီ ကလေးမြို့လှိုင်သာယာရပ်ကွက်မှာ ပိတ်မိနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကုန်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“ကားတွေက ဘာကားမဆို တက်လို့မရတော့ဘူး၊ပုတ်မယ့် ၊သိုးမယ့် ကုန်တွေက တောအကုန်ချကြပြီးပြီ။ဘယ်နေ့ထိပိတ်မယ်မသိတော့ ၊ကားတွေကတော့ တန်းစီလို့ပဲ”
စစ်အုပ်စုတပ်က ရက်ရှည်လမ်းပိတ်ထားတာကြောင့် ကုန်စည်တချို့ ပုတ်သိုးပျက်စီးတာတွေ ရှိနေပြီး ဆန်ဆီဆားစတဲ့ စားနပ်ရိက္ခာတွေကို တင်ဆောင်ခွင့်မပြုတာကြောင့် ကားတွေကို အခွံကြီးအတိုင်း ထားရတယ်လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကလေးမြို့နဲ့ချင်းပြည်နယ်အစပ်က ခိုင်ကမ်းမြို့မှာ လုံခြုံရေးတင်းကြပ်ထားပြီးတော့ စက်မှုဇုန်ရပ်ကွက်ကနေ မောင်းနှင်နေတဲ့ ကားတွေကိုလဲ ဖမ်းဆီး စစ်ဆေးတာတွေ ရှိနေတယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ချင်းပြည်ကတော့ ဘယ်လမ်းနေတက်မရဘူး ၊။ကွင်းလမ်းကလဲ ပိတ်ထားတယ်။လမ်းမကြီးကလဲ ပိတ်ထားတယ်။ ဆိုင်ကယ်တွေနဲ့ ကွင်းလမ်းက သယ်ကြတာရှိတယ်၊။ အဲ့ဒါကလဲ လမ်းတွေက ဆိုးလို့ မှောက်တာတွေရှိတယ်”
ချင်းပြည်-တီးတိန်လမ်းမကြီးအတွင်းမှာတော့ ပြီးခဲ့တဲ့နှစ်ကလည်း ရာသီဥတုဆိုးရွားတာကြောင့် ကုန်တင်ကားတွေနဲ့ ဆိုင်ကယ်တချို့ တိမ်းမှောက်မှုတွေရှိခဲ့ပြီးတော့ သွားလာဖို့ ခက်ခဲတာကြောင့် တီးတိန်နဲ့ ဖလမ်းမြို့နယ်အတွင်းမှာ ကုန်စည်ပြတ်လပ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အိန္ဒိယနိုင်ငံကနေ ဝယ်ယူသုံးစွဲနေရတယ်လို့ တီးတိန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တီးတိန်အောက်က တံတားက ပျက်လိုက် ဖြစ်တယ်။ ကလေးဘက်ကသွားမရတော့ အိန္ဒိယတော့ သွားကြတယ်၊ဆားကတော့ အိန္ဒိယက ယူကြတော့တာ “
ချင်းပြည်နယ်အတွင်းမှာ ဖလမ်းမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA)က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း၊ဝေဘူလ မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပေမဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ချင်းပြည်နယ်ကို စစ်အုပ်စု ကင်းစင်နယ်မြေ ဖြစ်အောင်အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Photo – စစ်ကိုင်းတိုင်းအတွင်းက ကားယာဉ်တန်းကို တွေ့မြင်ရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



