နွေဦး/MFP ၊ ဇန်နဝါရီ – ၁၅
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရှော့တိုက်းဒုန်းတွေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေလည်း ထိမှန်သေဆုံးခဲ့တာတွေ ရှိတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်က ဇန်နဝါရီလ ၁၄ ရက် တစ်ရက်ထဲမှာပဲ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ရပ်ကွက် -၅နဲ့ ရပ်ကွက် – ၈ မှာတစ်လုံးစီကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ပါတယ်။
ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်-၅ မှာနေထိုင်တဲ့ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ အဝေးရောက်ကသာစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“ရပ်ကွက်-၅ ကျောင်းသစ်နားလေးက အိမ်ကိုတည့်တည့်ကျတယ်လို့ ပြောတယ်ဗျ။ အသက် ၁၇ နှစ်အရွယ်ပါ၊ အမျိုးသားပါ။ အစကတော့ သူတို့လည်း အင်းရွာဘက် မိသားစုလိုက် စစ်ရှောင်ကြတာ။ တိုက်ပွဲငြိမ်တော့ သူခိုးတွေအရမ်းသောင်းကျန်တော့ ပြန်ဝင်ပြီး နေရင်း ရှော့တိုက်ဒုန်းကျပြီး ဆုံးတာပါ၊ စစ်အုပ်စုကတော့ နေ့တိုင်းလက်နက်ကြီးပစ်တယ်လို့ ပြောတယ်။ တခါတလေ မနက် ၇ နာရီကတည်းက ညအထိ ဆက်တိုက်ပစ်နေတာ ပြောကြတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက် ညပိုင်းကတည်းက ကသာမြို့နယ်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် မြို့အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
လတ်တလောမှာတော့ ကသာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့အကြား ဇန်နဝါရီလ ၃ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်က ကသာမြို့ပေါ်က ရပ်ကွက်-၅(ဇေယျာချောင်)၊ မဟာစည်ရိပ်သာနဲ့ တောင်ပေါ်ကျောင်းစတဲ့နေရာတွေမှာ အထိုင်ချပြီး လက်နက်ကြီးတွေတပ်ဆင်ကာ အရပ်သားတွေနေထိုင်ရာအနီးကို ရမ်းသန်းပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကသာမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ စုနဲ့ လူဦးရေ ၁၆၀,၀၀၀ ကျော် နေထိုင်ပါတယ်။ အဲဒီအထဲက မြို့ခံတစ်သိန်းကျော်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကနေ စွန့်ခွာလာနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်သူစတဲ့ လူဦးရေသောင်းနဲ့ချီ ကျန်နေခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မိုးတားလေး၊ ကျောက်ထုံးကြီး၊ အင်းစတဲ့ကျေးရွာမှာ အခြေစိုက်ထားတဲ့ တိုက်နယ်အဆင့် ရဲစခန်းတွေကို မြို့ပေါ်ကို ပြောင်းရွှေ့သွားတာကြောင့် ကသာမြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



