အချုပ်သားတွေနဲ့ သင်တန်းသားတွေကို ခေါ်ဆောင်ထွက်ပြေးတဲ့ ရဲဘော်နှစ်ဦးကို တပ်ဖွဲ့ကအပြီးအပိုင် ထုတ်ပယ်ကြောင်း မိုးမိတ်ခရိုင်ပကဖ အသိပေး၊
အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း- ၁ က ဖမ်းဆီးထားတဲ့ အချုပ်သားတွေနဲ့ သင်တန်းသားရဲဘော်တွေကို ခေါ်ဆောင်ထွက်ပြေးသွားတဲ့ ရဲဘော်နှစ်ဦးကို တပ်ဖွဲ့ကနေ ထုတ်ပယ်အရေးယူသွားမှာဖြစ်ကြောင်း မိုးမိတ်ခရိုင် ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ မိုးမိတ်ခရိုင်ပကဖ တပ်ရင်း- ၁ မှာ ပြည်သူ့ရေးရာခရိုင်ဒု-တာဝန်ခံနဲ့ သင်တန်းကွင်း တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တူးတူးနဲ့ ဘဏ္ဍာရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်မိထော်တို့က အချုပ်သားတွေနဲ့သင်တန်းသားတွေကို ခေါ်ဆောင်ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားသူတွေကို လက်ခံမထားဖို့နဲ့ ဦးဆောင်သူ ရဲဘော်နှစ်ဦးကို မိုးမိတ်ခရိုင်ပကဖက အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျူးလွန်ဖောက်ဖျက်တဲ့ ပြစ်မှူတွေအတွက်လည်း ပြစ်ဒဏ်ချမှတ်ကာ ထိရောက်စွာအရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြစ်မှူကျူးလွန်ထားတဲ့ ရဲဘော်နှစ်ဦးအနေနဲ့လည်း ခေါ်ဆောင်သွားတဲ့ ရဲဘော်ရဲမေတွေနဲ့ အချုပ်သားတွေကို ပြန်လည်အပ်နှံဖို့ တိုက်တွန်းထားပြီး မအပ်နှံပါက လိုက်ပါသွားကြတဲ့ တပ်ဖွဲ့ဝင်တွေကို တပ်ပြေးအဖြစ်သတ်မှတ်ကာ ပြည်လည်ထိန်းသိမ်း အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား၊ သင်တန်းသားနဲ့ရဲဘော်ရဲမေတွေရဲ့အရေအတွက်ကိုတော့ တိတိကျကျဖော်ပြထားတာမျိုး မရှိသလို MFPအနေနဲ့လည်း သီးခြားအတည်မပြု နိုင်သေးပါဘူး။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



