ရွှေဥ/MFP၊ ဇန်နဝါရီ – ၁၆
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုစစ်ကြောင်းကို ဇန်နဝါရီ ၁၄ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ မင်းကင်းမြို့နယ်အတွင်းက ကံရွာနဲ့ တောင်ယာတောကျေးရွာအထိုင်စခန်းကနေ ပျဉ်းပင်မှော်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေက ကံကျေးရွာနဲ့ပျဉ်းပင်မှော်ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မဲရုံတွေကိစ္စနဲ့မဆိုင်ပါဘူး၊ ကင်းပတ်တဲ့ အချိန်မိုင်းထကွဲတာ။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်”
ဒီတိုက်ခိုက်မှုကိုတော့ ကျောင်းသားတော်လှန်ရေးတပ်တော် (Student’s Revolutionary Force) တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် စစ်အုပ်စုတပ်သား ငါးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက အိမ်ခြေ ငါးရာခန့်ရှိတဲ့ ကံရွာနဲ့ ကျေးတောင်ဦးကျေးရွာတွေမှာ တပ်စွဲနေထိုင်နေပြီး မင်းကင်းမြို့ပေါ်ရပ်ကွက်မှာလဲ ရဟတ်ယာဉ်သုံးစီးနဲ့ လူ၊လက်နက် ဖြည့်တင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလို စစ်ကြောင်းထိုးနေတာကြောင့် ကံ၊ကျေးတောင်ဦး ၊ပျဉ်းပင်မှော် ၊ဒိုးနွယ် ၊ကျောက်အိုး စတဲ့ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံ တစ်ထောင်ကျော်လည်း တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်အကူအညီပေးသူတစ်ဦးက ပြောပါတယ်။
“အဲ့ဒီနားက ရွာတွေက ကြာပြီ၊စစ်ရှောင်ရတာက ကံရွာတို့ ကျေးတောင်ဦးတို့ကတော့ အိမ်ခြေကငါးရာလောက်ရှိတယ်။ အခုထိ ပြန်မနေကြသေးဘူး၊ လယ်လုပ်တဲ့သူ နည်းနည်းနေကြတာ “
မင်းကင်းမြို့နယ်အတွင်းမှာတော့ စစ်အုပ်စုတပ်တွေက မင်းကင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ ကြာပင်၊ ကျော်ရွာ၊ ကံ၊ ကျေးတောင်ဦးနဲ့ တောင်သာတော ကျေးရွာတွေမှာ တပ်စွဲနေထိုင်ပြီး အရပ်သားတွေအပေါ် အဓ္ဓမစစ်သားသစ်စုဆောင်းတာနဲ့ ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေသလို အင်အားဖြည့်တင်းတာနဲ့ စစ်ကြောင်းထိုးလှုပ်ရှားတာတွေလည်း ခပ်စ်ိတ်စိတ်တွေ့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – ကျောင်းသားတပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



