မကွေးသတင်း

ပခုက္ကူ – မြိုင်နယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုး မီးရှို့တာကြောင့် နေအိမ်တစ်ရာကျော်နဲ့ သက်ကြီးအမျိုးသမီးတစ်ဦး မီးလောင်သေဆုံး၊

အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်နယ်အစပ် ကျေးရွာလေးရွာက နေအိမ်တွေကို စစ်အုပ်စုစစ်ကြောင်းက မီးရှို့ဖျက်ဆီးတာကြောင့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သလို နေအိမ်တစ်ရာကျော်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကက MFP ကို ပြောပါတယ်။

ဇန်နဝါရီလ ၁၀ ရက်က ပခုက္ကူတပ်မ- ၁၀၁ ကနေထွက်လာတဲ့ စစ်အုပ်စုကားတွေက အင်ပင်ကျေးရွာကိုရောက်ရှိပြီးနောက် ပျူစောထီးပူးပေါင်း ခန့်မှန်းအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက ဇန်နဝါရီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ပခုက္ကူနဲ့မြိုင်နယ်အစပ်က ကွမ်းသီးကန်ကျေးရွာနဲ့ကုန်းတက်ကန်ကျေးရွာတို့ကို စတင်မီးရှို့ပြီး အင်ပင်ကျေးရွာထဲကို စစ်ကြောင်းပြန်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့  မြိုင်နယ် နှောပင်ကျေးရွာကို စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ငါးဆယ်နီးပါး မီးလောင်ပျက်စီးခဲ့သလို ထွက်မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုစစ်ကြောင်းကတော့ ကိုင်း၊ကွမ်းသီးကန်၊ကုန်းတက်ကန်ရယ် အခု နှောပင်ရယ် ဆို လေးရွာမီးရှို့တာပေါ့၊ရှို့တာကတော့ တစ်ရက်စီရှို့တာပေါ့ဗျာ၊ကိုင်းတို့ ဘာတို့ကနေ အထွက်ပြပြီး နောက်နေ့မှ နှောပင်ကိုရောက်တာ ညနေ ခြောက်နာရီလောက်ကစပြီး မီးရှို့တာ သူတို့ပစ္စည်းတွေ သယ်ပြီးမှ မီးရှို့တာ”

စစ်အုပ်စုစစ်ကြောင်းက နှောပင်ရွာကိုဝင်ရောက်ပြီးနောက် ဒေသခံတွေရဲ့ နေအိမ်တွေက စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေကို ကားနဲ့သယ်ယူကာ ဘုန်းကံပျူစောထီးစခန်းကို စစ်ကြောင်းနဲ့အတူ ယူဆောင်သွားတယ်လို့ သူကဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းက ပခုက္ကူနယ် ကိုင်းကျေးရွာကိုလည်း ဇန်နဝါရီလ ၁၅ ရက်မှာပဲ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ တစ်ထောင်ခန့်လည်း စစ်ဘေးရှောင်ထွက်ပြေးနေကြရပါတယ်။

ပခုက္ကူမြို့နယ်နဲ့မြိုင်နယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးနေတာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေအိမ် ၄၀၀ ခန့် မီးရှို့ ဖျက်ဆီးခံထားရတယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း စစ်အုပ်စုစစ်ကြောင်းက ကံရပ်ကြီးကျေးရွာက နေအိမ် ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားပြီး စစ်အုပ်စုစစ်ကြောင်းကြောင့် အသက်ကြီးပိုင်း ပြည်သူ‌တစ်ဦးလည်း သေဆုံးခဲ့ကာ နောက်ထပ် ပြည်သူ‌သုံးထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ပေးပို့၊ စစ်အုပ်စုမီးရှို့ဖျက်ဆီးထားတဲ့ ကိုင်းကျေးရွာကို မြင်တွေ့ရပုံ၊ 

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button