မန္တလေးသတင်းအညာမြေ တော်လှန်ရေး

ကျောက်လှည်းဘီး ခလရ ၁၄၈ အပါအဝင် သပိတ်ကျင်းနဲ့ မိုးကုတ်အစပ်ရှိ စစ်ခန်းတွေ စစ်အုပ်စု ပြန်ရ၊

မန္တလေး - မိုးကုတ် လမ်းပိုင်းတစ်ခုလုံး စစ်အုပ်စု ပြန်ထိန်းချုပ်၊

မန္တလေး – မိုးကုတ် လမ်းပိုင်းတစ်ခုလုံး စစ်အုပ်စု ပြန်ထိန်းချုပ်၊

ထင်လင်း/MFP၊ ဇန်နဝါရီ – ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးကျေးရွာ အနီးရှိ ခလရ ၁၄၈ ခေါ် အမှတ် ၁၄၈ ခြေလျင်တပ်ရင်း အပါအဝင် သပိတ်ကျင်းနဲ့ မိုးကုတ်အစပ်ရှိ လက်ကျန် စစ်ရှုံးစစ်စခန်းတွေကို စစ်အုပ်စုက ပြန်လည် သိမ်းယူသွားတယ်လို့ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးရာ သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်းတစ်ခုလုံး စစ်အုပ်စု လက်အောက် ပြန်ပါသွားပြီ ဖြစ်ပြီး မန္တလေး – မိုးကုတ် လမ်းပိုင်းတစ်ခုလုံးလည်း စစ်အုပ်စု စိုးမိုး ထိန်းချုပ်မှုအောက် ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။

သပိတ်ကျင်း-ဖော့တော-မိုးကုတ်လမ်းပိုင်းကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွါပေးထားပြီလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

“ကြာလှပြီ ပါသွားတာ၊ ခွါထားတာလည်း ကြာပြီ ခွေးကိုပေးလိုက်တာ၊ အကုန်ဟပေးလိုက်တာ”

ပြီးခဲ့တဲ့ ဇူလိုင်လမှာ သပိတ်ကျင်းမြို့ကို ပြန်ရပြီး ဒီဇင်ဘာလမှာ စဉ့်ကူးမြို့ကို ပြန်သိမ်းနိုင်တဲ့ စစ်အုပ်စုဟာ မန္တလေး – သပိတ်ကျင်း-ဖော့တော-မိုးကုတ် ကားလမ်းတလျှောက် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ လေကြောင်းနဲ့ ဒရုန်းသုံးကာ ပြန်လည်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဖော့တော-မိုးကုတ် လမ်းပိုင်းပေါ်ရှိ လက်ကျန် စစ်ရှုံးစစ်စခန်းတွေအနက် ဇန်နဝါရီ၁၁ မှာ ညောင်ပင်သာရွာ၊ ဇန်နဝါရီ ၁၂မှာ ပိုးဇာနွယ်၊ ဇန်နဝါရီ ၁၃မှာ ကျောက်လှည်းဘီး ကျေးရွာနဲ့ ဇန်နဝါရီ ၁၄မှာ ခလရ ၁၄၈ အထိ သိမ်းယူခဲ့တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

အဲ့ဒီနောက် ဖော့တော-မိုးကုတ်လမ်းကြောပေါ်က စိန်ကုန်း၊ ကင်း၊ အုန်းဒန် စတဲ့ ကျေးရွာတွေကိုပါ ပြန်သိမ်းယူထားပြီလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲခဲ့တဲ့ ရှမ်း – မန်း စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လည်ပိုင်းက စတင်ကာ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နဲ့ မတ္တရာနယ်က စစ်စခန်းတွေ အပါအဝင် စစ်အုပ်စုရဲ့ စစ်စခန်းတွေ၊ မြို့ရွာတွေ အများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုင်နိုင်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့ အပါအဝင် မြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်အထိ တော်လှန်ရေးတပ်တွေက သိမ်းယူ နိုင်ခဲ့ပေမယ့် သပိတ်ကျင်းနယ်ထဲ စစ်အုပ်စု အမြစ်မပြတ်ဘဲ သပိတ်ကျင်းမြို့ပေါ် အပါအဝင် မိုးကုတ်၊ စဉ့်ကူးနယ်တွေကနေ စစ်ရှံးပြီး ထွက်ပြေးတဲ့ စစ်အုပ်စုဟာ သပိတ်ကျင်းနယ် တွင်းငယ်နဲ့ ၇မိုင်ရွာအနီးရှိ နောက်ဆုံး လက်ကျန် စစ်စခန်းတွေထဲ ခိုအောင်းကာ လေကြောင်းအားကိုးနဲ့ တော်လှန်ရေးတပ်တွေကို ခုခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ ကိုးကန့်တပ် – MNDAA၊ တအာင်းတပ် – TNLA တို့ကို အပစ်ခတ်ရပ်စဲအောင် လုပ်နိုင်ခဲ့သလို စစ်ရှုံးထားတဲ့ မြို့ရွာတချို့ ပြန်ရပြီးနောက် တော်လှန်ရေးတပ်တွေက ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ပြင်ဆင်ပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ နှစ်လယ်ပိုင်းမှာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာ မန္တလေး – မတ္တရာ ကားလမ်းပေါ်က စစ်စခန်းတွေကို စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ပြန်လည် သိမ်းယူနိုင်ပြီးနောက် ဆက်တိုက် ဆိုသလို မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းအတိုင်း ပြန်လည် ထိုးစစ်ဆင်ကာ အခုလို အဲ့ဒီ လမ်းကြောပေါ်က စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ အားလုံးနီးပါး ပြန်လည် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ တန်ပြန်ထိုးစစ်အတွင်း အရပ်သားပြည်သူတွေကိုပါ မချန် ထင်တိုင်းကျဲ လေကြောင်းဗုံးကြဲ သတ်ဖြတ်လို့ ဒေသခံပြည်သူ ရာနဲ့ချီ သေဆုံးသလို စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှု အန္တရာယ်ကြောင့် လက်ရှိအချိန်ထိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ သပိတ်ကျင်းမြို့နယ်ရဲ့ မြောက်ဘက်ခြမ်း ဒေသတချို့ကိုသာ တော်လှန်ရေးတပ်တွေ ဆက်လက် ထိန်းချုပ်စိုးမိုးထားနိုင်တော့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ခလရ ၁၄၈ အပါအဝင် သပိတ်ကျင်းနဲ့ မိုးကုတ် အစပ်ရှိ လက်ကျန် စစ်ရှုံး စစ်စခန်းတွေကို စစ်အုပ်စုက ပြန်သိမ်းယူပြီးနောက် အောင်ပွဲခံနေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button