စစ်ကိုင်းသတင်း

အရာတော်နယ် မူကြိုကျောင်းကို စစ်အုပ်စု လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံး၊

နွေဦး/MFP၊ ဇန်နဝါရီ – ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းက ကံရင်းကျေးရွာက မူကြိုကျောင်းကို ဇန်နဝါရီလ ၁၇ ရက်ဒီနေ့နေ့လယ် ၁ နာရီကျော်မှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့ အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု( Northwest Plains Revolutionary Forces-NPRF)က အတည်ပြု ပြောပါတယ်။

ကံရင်းကျေးရွာအနီးက မူကြိုကျောင်းအနီးကို အသေခံဒရုန်းတွေအပြင် ဂျက်တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နဲ့ အရပ်သားတွေ ထိမှန်သေဆုံးကုန်တာလို့ဆိုပါတယ်။

“နမခ ကတက်လာတဲ့ဆူဆိုက်ဒရုန်းနဲ့ရော တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ရောပစ်တာပါ။ ၁၀ နှစ်ဝန်းကျင် မိန်းကလေးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးဆုံးပါတယ်။ နောက်ထပ်တစ်ဦး ဒဏ်ရာရတယ်၊ ပေါင် ၅၀၀ ဗုံးကြဲခဲ့တာပါ။ အပျက်အစီးကတော့ တော်တော်များပါတယ်၊ နေအိမ်နှစ်လုံးက အခုထိမီးလောင်နေတုန်းပဲ” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကလေးငယ်တွေရှိနေတဲ့ မူကြိုကျောင်းအနီးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။ လတ်တလော လုံခြုံရေးအခြေအနေအရ သေဆုံးထိခိုက်သူတွေရဲ့နာမည်နဲ့အသေးစိတ် အချက်အလတ်တွေကို မသိရသေးပါဘူး။

လတ်ရှိမှာတော့ လေကြောင်းရန်ကို နားစွင့်ကာ ထိခိုက်ပျက်စီးမှုတွေကို ရှင်းလင်းရေးလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ဒဏ်ရာရသူကို ဆေးကုသမှုပေးနေတယ်လို့ ပြော
ပါတယ်။

စစ်ရေးအခြေအနေအရ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီးက အမြှောက်တပ်(အမတ- ၃၆၉)မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရာတော်-မုံရွာလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၁၃ ရက်ကစပြီး တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားသလို စစ်အုပ်စုစစ်ကြောင်းထိုးနေကြောင့် ကျေးရွာသုံးရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဓာတ်ပုံ – အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button