နွေဦး/MFP၊ ဇန်နဝါရီ – ၁၉
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ကနေ တောင်သာနယ်ကို မဲရုံလုံခြုံရေးယူဖို့ ရောက်လာတဲ့ အင်အား ၂၀၀ ခန့်စစ်အုပ်စုစစ်ကြောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုတပ်သားတွေ ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုတပ် စစ်ကြောင်းဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်၈ နာရီကျော်မှာ တောင်သာမြို့ပေါ်က မဲရုံတွေကို လုံခြုံရေးယူဖို့အတွက် ထနောင်းကုန်းရွာကို ညအိပ်ဝင်နားပြီးနောက် စစ်ကြောင်းထွက်လာချိန်မှာ ပဒပ်စာကုန်းကျေးရွာအနီးမှာ တောင်သာမြို့နယ်ပကဖ နဲ့အတူ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူစစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ကြောင်းပြန်လှည့်ကာ ဒဏ်ရာရထားတဲ့ စစ်အုပ်တပ်သားနဲ့ပျုစောထီးတွေကိုတော့ ကန်သာယာရွာအတွင်းမှာ ဆေးကုပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ကလည်း တောင်သာမြို့နယ်၊ မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေးက စစ်အုပ်စုနဲ့ပျုစောထီးတွေတပ်စွဲနေထိုင်နေတဲ့ တမိုက်သာကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းကာ ဘန်ကာတွေကို သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ စီးနင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုနဲ့ပျုစောထီးမိသားစုဝင်တွေဟာ ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြသလို မြင်းခြံမြို့ပေါ်ကနေ စစ်ကူလာတဲ့ကားနှစ်စီးကိုလည်း ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာနယ်အတွင်းက တရုတ်ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းတဲ့ နေရာတွေကို စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကြေားထိုး လုံခြုံရေးယူပေးနေသလို တောင်သာမြို့နယ်ဟာ လာမဲ့ ဖန်နဝါရှလ ၂၅ ရက်မှာ စစ်အုပ်စုဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်းသုံး ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်း၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



