ကိုသူ/MFP၊ ဇန်နဝါရီ – ၁၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း အမှတ်- ၃ လမ်းမကြီးဘေးမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ စစ်အုပ်စုတပ်ကြောင့် လာရောက် စစ်ဘေးရှောင်နေကြသူတွေအထဲက မွေးကင်းစ ကလေးငယ်နှစ်ဦး အအေးဒဏ်ကြောင့် ဇန်နဝါရီ ၁၆ ရက်နေ့တစ်ညထဲမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ္တရာစစ်ဘေးရှောင်တွေဟာ ဝက်လက်မြို့နယ် အမှတ်-၃ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ တောတောင်တွေနဲ့ လုံခြုံမှုမရှိတဲ့ ကွန်ကရစ်တံတားတွေအောက်မှာ အမိုးအကာတွေအပါဘဲ ဖြစ်သလိုနေထိုင်နေကြရတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်နှစ်ဦးဟာ ခြောက်လအရွယ်နဲ့ ငါးလအရွယ်ခန့် ကလေးငယ်တွေ ဖြစ်ကြပြီးတော့ အအေးဒဏ် ပြင်းထန်လွန်းတာကြောင့် တစ်ညထဲမှာပဲ နှစ်ဦးလုံး ဆုံးပါးသွားတာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူတို့ အိပ်ယာတာက မြေကြီးပေါ်တွေမှာအိပ်ရတယ်။ ဘုန်းကြီးကျောင်းတွေမှာလဲ လေကြောင်းရန်ကြောင့် အိပ်လို့မရဘူး။ လေကြောင်းက တောက်လျောက်ကြဲတာဆိုတော့ စောင်တွေက ပါးနဲ့ မြေကြီးပေါ် အိပ်ရတော့ ကလေးလေးတွေ အအေးတွေမိကုန်တာ တညတည်းမှာပဲ နှစ်ယောက်လုံး ဆုံးသွားတာ “
စစ်အုပ်စုတပ်ဟာ မန္တလေးတိုင်းက မတ္တရာ၊ စဉ့်ကူးနဲ့သပိတ်ကျင်းမြို့တို့ကို ပြန်လည်သိမ်းယူပြီးနောက် စစ်ကိုင်းတိုင်းကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မန္တလေးစစ်ရှောင်တွေကို ဒီဇင်ဘာလ တစ်လလုံးမှာ လေကြောင်းပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေဟာ လေကြောင်းရန်ကင်းလွတ်တဲ့ နေရာမှာ ပုန်းခိုနေထိုင်နေကြရတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဇန်နဝါရီ ၁၇ ရက်နေ့ မှာပဲ ဖြစ်သလို မြေမြုပ်သဂြိုလ်လိုက်ရသလို မိသားစုဝင်တွေကလည်း အိုးဖုတ်လုပ်ငန်းလုပ်ကိုင်ကြတဲ့ နွမ်းပါးသူတွေဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။
“အလောင်းတွေက တောထဲမှာပဲ ချလိုက်ရတာ။ လေကြောင်းရန်နဲ့ စစ်ကြောင်းထိုးတာနဲ့ဆိုတော့ ဖြစ်သလို ချလိုက်ရတာ အမြန်လုပ်ကြရတာ”
ဒါ့အပြင် ဝက်လက်မြို့နယ်အတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ် တစ်ရာကျော်ခန့် ရှိနေပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေရှိပေမဲ့ အကုန်လုံးကို မလွှမ်းခြုံနိုင်ဘူးလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်က အမျိုးသမီးစစ်ဘေးရှောင်တစ်ဦးဟာ စားဝတ်နေရေးအခက်ခဲကြောင့် ကလေးငယ်တစ်ဦးကို မွေးစားဖို့ ပေးလိုက်တာရှိတယ်လို့ ဝက်လက်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မတ္တရာက စစ်ရှောင်က အဲ့ဒီလမ်းဘေးနေကြရတာကလူဦးရေ ၆၀ လောက်ရှိတယ်။အဲ့ဒီထဲက ကလေးတစ်ယောက် မွေးစားဖို့ လာပေးတာရှိတယ်။ကျမတို့ကို လာပေးတာ ။မွေးတာက မကြာသေးဘူး။ တော်တော်ခက်ခဲနေကြတာ”
စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲ စစ်အုပ်စုစစ်ကြောင်းနဲ့လေကြောင်းအန္တရာယ် ကင်းလွတ်တဲ့နေရာတွေမှာ ရှောင်တိမ်းနေရတာ ရက်ရှည်လာတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ပထမလပတ်အတွင်းမှာပဲ သစ်ချိုကုန်း၊ ရွာတော်ကုန်းနဲ့ တပ်ကျေးရွာစတဲ့ သုံးရွာက စစ်ဘေးရှောင် သက်ကြီးရွယ်အို လေးဦးအအေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။
ဝက်လက်မြို့ နယ်အတွင်းမှာတော့ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ရှိမ်းမကား၊ရွာတော်ကုန်း၊ဆားတောင် ၊တလိုင်း၊ တမာကုန်း ၊ငါးရယ်၊ ရှိန်းမကား၊ တလိုင်း ၊ အုန်းသဇင်၊ ရေလည် မှော် ၊ရွာနန်း ၊ကျော်ဇေယျာ ၊ပုဂံသူ ၊လင်းတလူး ၊သစ်ချိုကုန်း၊ချိူင်းကြီး ၊ရွှေပင်ငံ ၊အုန္နဲဘုတ် ၊တောမစတဲ့ကျေးရွာပေါင်း ၄၀ ကျော် စစ်ရှောင်နေကြရပြီး ရေရည်စစ်ဘေးရှောင်နေရသူ ငါးသောင်းကျော်ခန့် ရှိတယ်လို့လည်း အကူအညီပေးသူတွေက ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်အုပ်စုတပ်လေကြောင်းပစ်ခတ်လို့ တိမ်းရှာင်နေကြရတဲ့ မတ္တရာနဲ့ စဉ့်ကူးနယ် စစ်ရှောင်တွေကို မြင်တွေ့ရပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



